မုံရွာမြို့လည်၊ စစ်အုပ်စု ဂိတ်ဘေးမှာရှိတဲ့ ရွှေဆိုင် ဓားပြတိုက်ခံရ၊

မုံရွာမြို့လည်၊ စစ်အုပ်စု ဂိတ်ဘေးမှာရှိတဲ့ ရွှေဆိုင် ဓားပြတိုက်ခံရ၊

MFP ၊ စက်တင်ဘာ - ၁၁

စစ်ကိုင်းတိုင်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း မြို့လည်မီးပွိုင့်အနီးမှာ ရှိပြီး စစ်အုပ်စု ကင်းဂိတ်နဲ့ တစ်ဖာလုံခန့် အကွာမှာ ရှိတဲ့ ရွှေဆိုင်ကြီးတစ်ဆိုင် ဒီမနက်ပိုင်း ဓားပြတိုက် လုယက်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၁)ရက် မနက်(၁၁)နာရီဝန်းကျင်က မုံရွာမြို့လည်မှာ ရှိတဲ့ ရွှေဆိုင် ဓားပြတိုက် လုယက်ခံရတာ ဖြစ်ပြီး လူငါးဦးက ဆိုင်ထဲဝင်ရောက် အနုကြမ်းစီး လုယက်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

“အဲ့ဒီ ရွှေဆိုင်က မုံရွာမြို့လည်ခေါင်မှာ ရှိတာ။ ဘေးနား တစ်ဖာလုံလောက်မှာလည်း စစ်အုပ်စု ဂိတ်ရှိတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် စစ်အုပ်စုက ဗိုလ်ချုပ်လမ်းပေါ် ပိတ်ဆို့စစ်ဆေး ငွေညှစ်တာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်မှာ ဘယ်လောက် ဆုံးရှုံးသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ ဓားပြမှု၊ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အဲ့ဒီ ဓားပြမှုတွေမှာ စစ်အုပ်စုတွေလည်း ပါဝင်ပတ်သက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာမြို့ အလုံရပ်က ဘီယာဆိုင် တစ်ဆိုင် ဓားပြမှဖြစ်စဉ်မှာဆိုရင် စစ်အုပ်စုက ဒေသခံပြည်သူတွေ အပြင်မထွက်ရဲအောင် သေနတ်ဖောက် ခြောက်လှန်နေချိန် စကစနဲ့ပျူတွေလို့ ယူဆရတဲ့ လူတစ်စုက ဘီယာဆိုင်ထဲ ဝင်ပြီး ကျပ်သိန်း(၂၀၀)ကျော်ဖိုး ဓားပြတိုက် လုယက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ရွှေဆိုင် #ဓားပြမှု 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ