CDM စစ်သား သစ္စာဖောက်လို့ ရမည်းသင်း Y-PDF စခန်း စီးနင်းခံရ၊ လက်နက်နှင့်ရိက္ခာ ကျပ်သိန်း(၂၀၀)ဖိုး ဆုံးရှုံး ဟုဆို၊

CDM စစ်သား သစ္စာဖောက်လို့ ရမည်းသင်း Y-PDF စခန်း စီးနင်းခံရ၊ လက်နက်နှင့်ရိက္ခာ ကျပ်သိန်း(၂၀၀)ဖိုး ဆုံးရှုံး ဟုဆို၊

MFP ၊ သြဂုတ် - ၄

CDM စစ်သား ကောင်းဆက်လွင် ဆိုသူက သစ္စာဖောက်ကာ စခန်းက ထွက်ပြေးသွားပြီး စစ်အုပ်စုကို လမ်းပြ ခေါ်လာတဲ့အတွက် ရမည်းသင်း Y-PDF - People Defence Force Yamethin စခန်း စီးနင်းခံရပြီး လက်နက်နှင့် ရိက္ခာ စုစုပေါင်း ကျပ်သိန်း(၂၀၀)ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ ရမည်းသင်း Y-PDF က သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်(၃၀)ရက် နေ့လည်(၂)နာရီက မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အင်တိုင်းကျေးရွာအနီးမှာ ရှိတဲ့ ရမည်းသင်း Y-PDF ရဲ့ ယာယီစခန်း စီးနင်းခံရပြီး လက်နက်ခဲယမ်း ၊ ရိက္ခာနှင့် ဆိုင်ကယ် သုံးစီး အပါအဝင် ကျပ်သိန်း(၂၀၀)ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

“Y-PDF Yamethin ယာယီစခန်းအား ဇူလိုင်(၃၀)ရက် နေပလည်(၂)နာရီတွင် စစ်ခွေးများ ဝင်ရောက်စီးနင်းခြင်း ခံခဲ့ရပါသည်။ ဖြစ်စဉ်မှာ ၎င်းရက်နေ့ ညနေတွင် Mission ပြုလုပ်ရန် အသီးသီး တာဝန်ခွဲဝေ ပြင်ဆင်နေချိန် စွန်ရဲ(ခ)Kaung sat အကောင့်ပိုင်ရှင် ကောင်းဆက်လွင် (CDM စစ်သား)သည် သစ္စာဖောက်၍ ထွက်ပြေးပြီး စစ်ခွေးများအား လမ်းပြခေါ်ယူခဲ့ရာ အဖွဲ့မှာ လူစုခွဲ အလုပ်လုပ်နေချိန် ဖြစ်သောကြောင့် လူအင်အား လက်နက်အင်အား မမျှတသဖြင့် စခန်းစွန့်ခွာ တိမ်းရှောင်ခဲ့ရပါသည်” လို့ ရမည်းသင်း Y-PDF က ဖော်ပြပါတယ်။

တပ်ဖွဲအပေါ် သစ္စာဖောက်သွားတဲ့ ကောင်းဆက်လွင်(ခ) စွန်ရဲဟာ မိတ္ထီလာအခြေစိုက် လက်နက်ကြီး၊ လက်နက်ငယ်များ တပ်တက်ပေးရသော ပင်မလျှပ်စစ်တပ်(BEME)က တပ်သားတစ်ဦးဖြစ်ပြီး ၂၀၂၂ ဧပြီမှာ ရမည်းသင်း Y – PDF ထံ CDM အဖြစ် ခိုလှုံလာသူ ဖြစ်တယ်လို့ ရမည်သင်း Y - PDF က ပြောပါတယ်။

"ဟင်းချက်စရာ ဆင်းယူရင်းနဲ့ ရွာသား ဆိုင်ကယ်ယူပြီး ခွေးနဲ့သွားပေါင်း၊ စခန်းလာဝိုင်းတာပဲ" လို့ CDM စစ် သား ကောင်းဆက်လွင်(စွန်ရဲ)ရဲ့ သစ္စာဖောက်ပြီး စစ်အုပ်စုနှင့် ပေါင်းကာ စခန်းကို လာစီးနင်းတဲံ အခြေအနေနှင့် ပတ်သက်ပြီး ရမည်းသင်း Y – PDF ဦးဆောင်သူ လင်းယုန်နက်က MFP ကို ပြောပါတယ်။

စခန်း စီးနင်းဖျက်ဆီးခံရပေမယ့် လက်ရှိမှာ ရမည်းသင်း Y-PDF ရဲဘော်တွေ အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။

ရမည်းသင်း Y-PDF ရဲ့ နောက်ဆုံးနှစ်ကြိမ် စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ ဇူလိုင်(၃)ရက်က ရမည်းသင်းမြို့နယ် သဲကျွန်းအုပ်စု (ရွာတန်း) အုတ်တ်ဖို (အနောက်)ကျေးရွာ စကစခန့် အုပ်ချုပ်ရေးမှူး ဝင်းမြင့်(ခ)ငါးဖြူစလင် ရဲ့ နေအိမ်ကို ဗုံးထုတိုက်ခိုက်ခဲ့သလို ဇူလိုင်(၁)ရက်ကလည်း ရမည်းသင်းမြို့၊ အုန်းပင်ရပ်ကွက်နေ၊ မန္တလေးတိုင်းဝန်ကြီးဟောင်း ၊ ကြံ့ဖွံ့အမတ် ဦးကျော်မြင့်ရဲ့ နေအိမ်ကို ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ ရမည်းသင်း Y-PDF က ထုတ်ပြန်ထားပါတယ်။

CDM စစ်သား သစ္စာဖောက်လို့ ရမည်းသင်း Y-PDF စခန်း စီးနင်းဖျက်ဆီးခံရစဉ်/Photo - ရမည်းသင်း Y-PDF

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရမည်းသင်း #YPDF #CDM #စခန်း

 

 

 

 

 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ