စကစတွေ တင်ဆောင်နေလို့ Elite ကားကို ဖမ်းတာလို့ ဒေသကာကွယ်ရေးတပ် ပြော၊ လူတွေကို အန္တရာယ်မပြုဘဲ ခရီးသည်တွေကို ပြန်လွှတ်ပေးလိုက်ပြီး ယာဉ်မောင်းနှင့် ယာဉ်အကူတွေကိုလည်း အရေးမယူဟုဆို၊

စကစတွေ တင်ဆောင်နေလို့ Elite ကားကို ဖမ်းတာလို့ ဒေသကာကွယ်ရေးတပ် ပြော၊ လူတွေကို အန္တရာယ်မပြုဘဲ ခရီးသည်တွေကို ပြန်လွှတ်ပေးလိုက်ပြီး ယာဉ်မောင်းနှင့် ယာဉ်အကူတွေကိုလည်း အရေးမယူဟုဆို၊

MFP ၊ သြဂုတ် - ၁၄

ကင်းပုန်းဝပ်မယ့် စစ်အုပ်စုကို အကြိုအပို့ သဘောမျိုး မကြာခဏ တင်ဆောင် ခေါ်ယူနေတာကြောင့် Elite ခရီးသည်တင်ကား တစ်စီးကို ဖမ်းဆီး ထိန်းသိမ်းထားပေမယ့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တွေ အပါအဝင် ခရီးသည်တွေကို အန္တရာယ် မပြုဘူးလို့ Elite ကားကို ဖမ်းဆီးထားတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။

သြဂုတ်(၁၂)ရက် မနက်ပိုင်းက Elite ခရီးသည်တင် ကားတစ်စီးကို ဖမ်းဆီးခဲ့ပြီး ကားပေါ်မှာ ခရီးသည် (၁၂)ဦး၊ ယာဉ်မောင်း သုံးဦးနှင့် ယာဉ်နောက်လိုက် တစ်ဦး ပါဝင်ပြီး ခရီးသည်တွေကိုတော့ သြဂုတ်(၁၃)ရက် ကတည်းက သက်ဆိုင်ရာ နေရပ်အရောက် ပြန်ပို့ပေးလိုက်ပြီလို့ ဆိုပါတယ်။

“ပြည်သူတွေတော့ ဘေးကင်းလုံခြုံစွာနဲ့ (၁၃)ရက်နေ့က ပြန်ပို့လိုက်ပါပြီ။ ဒရိုင်ဘာ သုံးနဲ့ နောက်လိုက် တစ်ပါ။ လက်ရှိ အခြေအနေအရတော့ သူတို့က လူသစ်တွေ (၁၂)ရက်ပဲ ရှိသေးတာ။ ဘာမှမသိကြဘူး။ အပြစ်မရှိသူကိုတော့ အရေးယူတာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး” လို့ Elite ခရီးသည်တင်ကားကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

သြဂုတ်(၁၂)ရက် မနက်အစောပိုင်းက ရန်ကုန် - မုံရွာ ပြေးဆွဲနေတဲ့ Elite ခရီးသည်တင်ကား တစ်စီး မြင်းမူမြိုနယ်၊ ဂွေးပင်တောကျေးရွာအနီး စစ်ကိုင်း -မုံရွာလမ်းပေါ်မှာ မိုင်းခွဲခံရပြီးနောက် ကားရော ခရီးသည်တွေကိုပါ အမည်မသိ လက်နက်ကိုင်အဖွဲက ဖမ်းခေါ်ဆောင်သွားတယ်လို့ စစ်အုပ်စုဘက်က ဆိုပါတယ်။

အဲ့ဒီ Elite ခရီးသည်တင်ကားဟာ စစ်ကိုင်း - မုံရွာ ကားလမ်းတလျှောက် ကင်းပုန်းဝပ်မယ့် စကစတွေကို အကြိမ်ကြိမ် ခေါ်ယူ တင်ဆောင်နေတာကြောင့် မိုင်းဖောက်ခွဲကာ ဟန့်တားခဲ့ပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ စစ်အုပ်စုနဲ့ မဆက်နွှယ်ဖို့၊ စစ်အုပ်စုရဲ့ ထောက်တိုင်အဖြစ် မလုပ်ကြဖို့ အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပေမယ့် မလိုက်နာတဲ့အတွက် အခုလို ဖမ်းဆီးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သတိက ရှေ့ပိုင်းတွေမှာ ပေးပြီးပါပြီ။ သတိပေးရမယ့် အချိန် ကုန်သွားပါပြီ” လို့ ဒေသကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ Elite ခရီးသည်တင်ကား ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က မြင်းမူနယ်ထဲ အဖွဲ့တွေခွဲကာ ရှာဖွေရေးလုပ်နေတာ တွေ့ရတယ်လို့ အဲ့ဒီ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“မနေ့က ခွေးအင်အား (၅၀)ပါတဲ့ ကားနှစ်စီးက စည်ပင်ရွာကို နှစ်ဖွဲ့ခွဲ ရှာတယ်။ ဒီမနက် အင်အား (၁၀၀) လောက်က ဂွေးပင်တောမှာ လာရှာပြီး သရက်ကန်ရွာကြားမှာ (စကစတွေ) ပျောက်နေတယ်။ ဒီကားကို လိုက်ရှာနေကြတာပါ” လို့ အဲ့ဒီ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ယာဉ်မောင်းနဲ့ ယာဉ်အကူ လေးဦးကို ဖမ်းဆီးထားဆဲလား၊ ပြန်လွှတ်လိုက်ပြီလား၊ ဘယ်တော့ ပြန်လွှတ်ပေးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး MFP က မေးမြန်းပေမယ့် အသေးစိတ် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

Elite ခရီးသည်တင်ကား စစ်ကိုင်း - မုံရွာလမ်းမှာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ Elite Express ကုမ္ပဏီဘက်ကတော့ ယနေ့အထိ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Elite ခရီးသည်တင် ယာဉ်လိုင်းဟာ သူရဦးရွှေမန်း မိသားစု ပိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

စစ်ကိုင်း - မုံရွာလမ်းတလျှောက်မှာ စစ်အုပ်စုက ခရီးသည်တင်ကားတွေ၊ လူနာတင်ကားတွေ၊ အိမ်စီးကားတွေ၊ စစ်ကားတွေ အသုံးပြုပြီး သွားလာနေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုရဲ့ကားတွေကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေပါတယ်။ တချိန်တည်းမှာပဲ စစ်အုပ်စုကလည်း စစ်ကိုင်း - မုံရွာ ကားလမ်းတလျှောက် ကင်းပုန်းတွေဝပ်၊ ဂိတ်တွေဖွင့်ပြီး ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာ၊ စိတ်ထင်တိုင်း ပစ်ခတ်သ-တ်-ဖြတ်တာတွေလည်း လုပ်ဆောင်နေပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #မြင်းမူ #ခရီးသည် #ကား #Elite #Express

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ