ငါန်းဇွန်မှာ အမျိုးသမီး အပါအဝင် လူငယ်ငါးဦးကို စစ်အုပ်စုက ကြိုးတုပ် သတ်ဖြတ်၊ အလောင်းတွေကို ညပိုင်း စစ်ကားသုံးစီးနဲ့ စွန့်ပစ်ပြီး မနက်ပိုင်း ပြန်သယ်ယူ၊

ငါန်းဇွန်မှာ အမျိုးသမီး အပါအဝင် လူငယ်ငါးဦးကို စစ်အုပ်စုက ကြိုးတုပ် သတ်ဖြတ်၊ အလောင်းတွေကို ညပိုင်း စစ်ကားသုံးစီးနဲ့ စွန့်ပစ်ပြီး မနက်ပိုင်း ပြန်သယ်ယူ၊

MFP ၊ အောက်တိုဘာ - ၁၉

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ကုလကျေးရွာမှာ အောက်တိုဘာ(၁၇)ရက် ညပိုင်းက လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးတစ်ဦး အပါအဝင် လူငယ်ငါးဦးရဲ့ အလောင်းတွေကို စစ်အုပ်စုက စစ်ကားသုံးစီးနဲ့ လာရောက်စွန့်ပစ်ခဲ့ပြီးနောက် မနက်ပိုင်းမှာ အလောင်းတွေကို ပြန်သယ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ(၁၇)ရက်၊ ည(၉)နာရီခွဲမှာ ငါန်းဇွန်မြို့ပေါ်က စကစတွေ စစ်ကားသုံးစီးနဲ့ ကုလရွာထိပ် ရောက်ရှိလာကာ သေနတ်တွေ ပစ်ဖောက်သောင်းကျန်းပြီးနောက် လက်ပြန်ကြိုတုပ် သတ်ဖြတ်ထားရတဲ့ အလောင်းငါးလောင်းကို ရွာအဝင်ဇရပ်နား စွန့်ပစ်ထားခဲ့ကာ သေနတ်ပစ်ဖောက်ပြီး ငါန်းဇွန်မြို့ဘက် ပြန်သွားတယ်လို့ ဆီမီးခုံသတင်းက ဖော်ပြပါတယ်။

အဲ့ဒီနောက် အောက်တိုဘာ (၁၈) ရက် မနက် (၉) နာရီခန့်မှာတော့ စစ်အုပ်စုက ကားသုံးစီးနဲ့ ပြန်ရောက်လာပြီး အလောင်းတွေကို ငါန်းဇွန်မြို့ဘက် ပြန်သယ်သွားတယ်လို့ ဆိုပါတယ်။

"ကုလရွာကြီး ရွာအဝင် ဇရပ်နားမှာ ငါန်းဇွန်မြို့မှ စခ ကားသုံးစီး လာရောက်၍ လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခံထားရသော ပြည်သူငါးဦး၏ အလောင်းများကို လာရောက် စွန့်ပစ်သွား။ သေနတ်များဖောက်ကာ ပြန်သွားပြီး ယခု မနက်(၉)ခန့်မှာ ကားသုံးစီးဖြင့် စခများ လာရောက်၍ ပြန်လည်သယ်ယူသွား။ ပစ်သတ်ခံထားရသော သူများမှာ လူငယ်များ ဖြစ်ပြီး အမျိုးသား လေးဦ်း နှင့် အမျိုးသမီး တစ်ဦး

ဖြစ်ကာ မည်သည့် ရွာမှ ဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်" လို့ ဆီမီးခုံသတင်း က ဖော်ပြပါတယ်။

သေဆုံးသူတွေဟာ အမျိုးသား လေးဦးနဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ကုလရွာခံတွေ မဟုတ်ကြဘဲ ဘယ်ရွာကလဲဆိုတာ မသိကြရသေးပါဘူး။

လက်ပြန်ကြိုးတုတ်ပြီး မျက်လုံးကို အဝတ်စနဲ့ ပတ်ခံထားရကာ နဖူးကို ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတွေ တွေ့ရှိရကြောင်းနှင့် အဲ့ဒီ အလောင်းတွေ အနီးမှာ ကျည်ခွံတွေ တွေ့ရတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

သေဆုံးသူတွေဟာ စစ်ကောင်စီက ဖွဲ့ထားတဲ့ သွေးသောက်အမည်ခံ အဖွဲ့ရဲ့ သတ်ဖြတ်ပုံတွေနဲ့ ဆင်တူပေမယ့် အလောင်းတွေမှာ သွေးသောက်တံဆိပ် လည်ဆွဲတွေကိုတော့ မတွေ့ရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်ထိ သေဆုံးသူ လူငယ်တွေဟာ ဘယ်သူတွေလဲဆိုတာ မသိရသေးသလို ဘာကြောင့် အသတ်ခံရတယ်ဆိုတာလည်း မသိရဘူးလို့ ဒေသခံတချို့က ပြောပါတယ်။

ယခုလဆန်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း မြင်းခြံခရိုင် နွားထိုးကြီးနှင့် တောင်သာနယ်က NLD ပါတီဝင် ဒေသခံ ပြည်သူ အနည်းဆုံး ခြောက်ဦးနှင့် ညောင်ဦးမြို့နယ်က NLD ပါတီဝင် ဒေသခံပြည်သူ ခြောက်ဦးကို စစ်အုပ်စုက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် စက်တင်ဘာလအတွင်းကလည်း ငါန်းဇွန်နယ် ကျေးရွာတွေက အမျိုးသား ရှစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးကို သတ်ဖြတ်ကာ ကျန်ခုနှစ်ဦးကို မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တွေအဖြစ် စွပ်စွဲသတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ မြင်းခြံနယ် အပါအဝင် မန္တလေးတိုင်းက မြို့နယ်တွေထဲ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ် ညှဉ်းပန်းနေတဲ့ အခြေအနေဟာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ဆန်းပိုင်းအတွင်း ကနီနယ် အပါအဝင် စစ်ကိုင်းတိုင်းက ဒေသခံပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာနဲ့ ခပ်ဆင်ဆင်တူပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ယခုထက် ပိုမို အားကောင်းမလာအောင် တွေ့သမျှလူ ဖမ်းဆီး သတ်ဖြတ်ပြီး ဒေသခံတွေကို ကြောက်စိတ်ဝင် ငြိမ်ခံသွားအောင် လုပ်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ပါတယ်။

ငါန်းဇွန်မြို့နယ် ကုလရွာ ရွာအဝင်မှာ စစ်အုပ်စုက လူငယ် ငါးဦးကို သတ်ပြီး ညပိုင်း အလောင်းတွေ စွန့်ပစ်ကာ မနက်ပိုင်း အလောင်းတွေ ပြန်သယ်သွားစဉ်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါန်းဇွန် #အလောင်းစွန့်ပစ် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ