အရာတော်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ခြုံခိုတိုက်ခိုက်၊ စကစ ငါးယောက် သေဟုဆို၊

အရာတော်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ခြုံခိုတိုက်ခိုက်၊ စကစ ငါးယောက် သေဟုဆို၊

MFP ၊ စက်တင်ဘာ - ၁၈

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေပြီး လက်နက်အားကိုးနှင့် ပြည်သူကို ရန်ပြု သောင်းကျန်း သ-တ်-ဖြတ်နေတဲ့ စစ်အုပ်စုကို ဒီမနက်ပိုင်း ဒေသကာကွယ်ရေး တပ်တွေက ခြုံခို တိုက်ခိုက်ခဲ့ရာ စကစ ငါးယောက် သေတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေကို ကိုးကားပြီး အရာတော်ပို့စ်က သတင်း ဖော်ပြပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၈)ရက် မနက်(၁၀)နာရီက အရာတော်မြောက်ပိုင်း နောင်ကြီးအိုင်ရွာ ရဲစခန်းထဲက ထွက်လာပြီး ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ အင်အား (၄၀)ကျော်ပါ စစ်အုပ်စုကို ရဲချင်းကျေးရွာအနီးမှာ ဒေသကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတွေက ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကောင်စီ တပ်သား တစ်ဦး တိုက်ပွဲတွင်း သေဆုံးပြီး လေးဦးမှာ ဒဏ်ရာ ပြင်းထန်၍ ထပ်မံ သေဆုံးသွားခဲ့ကြောင်း၊ အရာတော် ဆေးရုံမှတဆင့် တပ်တွင်းအရေးပေါ်သို့ ပို့ဆောင်လိုက်ရသည့် စစ်သားများလည်း ရှိနေကြောင်း သိရသော်လည်း သီးခြား အတည်မပြုနိုင်သေးပါ” လို့ အရာတော်ပို့စ်က ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာကို စစ်အုပ်စုက အရာတော်မြို့က တဆင့် သံပြားကာ ကားနှစ်စီးနဲ့ စစ်ကူလာရောက်ခဲ့ပြီးနောက် စကစ အလောင်းနှင့် ဒဏ်ရာရထားသူတွေကို ကားနဲပတင်ပြီး သယ်ထုတ်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အရာတော်နယ် နောင်ကြီးအိုင် ရဲဏခန်းထဲကနေ ကြာပင်လှ၊ ကုန်းသာ၊ ဝက်ပြစ်ကျေးရွာတွေကို ဖြတ်‌ပြီး အရာတော်မြို့ဘက်အလာ ရဲချင်းကျေးရွာအနီးမှာ မုံရွာခရိုင် PDF တပ်ရင်း(၆)၊ အရာတော် ပကဖ၊ ကျောက်ဆူးတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့၊ မြောက်ပိုင်း ညီနောင်များ - NBARS နှင့် လှော်တက်အင်အားစု စတဲ့ ဒေသကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ယနေ့ မနက် အရာတော်မြို့နယ်၊ မြောက်ပိုင်းတိုက်ပွဲ အပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နေရာယူ ပြန်လည်ပစ်ခတ်ရာနှင့် ဆုတ်ခွာ ထွက်ပြေးရာတွင် တွေ့ရှိရသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ အသေးစိတ် တိုက်ပွဲသတင်း ထုတ်ပြန်ကြေညာချက်ကိုလည်း နောက်ဆက်တွဲ သတင်းများ အတည်ပြု သိရှိရလျှင် ထပ်မံ ထုတ်ပြန်မည်” လို့ အရာတော် ပကဖ က ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ တိုက်ပွဲဝင် ရဲဘော်တစ်ဦးက ပြောကြောင်း အရာတော်ပို့စ်က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ အရာတော်နယ်ကို ဖုန်းနှင့် အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ တစ်နှစ်ကျော်ပြီ ဖြစ်ပြီး ရွာစဉ်ပတ်မွှေကာ လက်နက်အားကိုးနှင့် ပြည်သူကို ရန်ပြုပြီး ထင်တိုင်းကျဲ လုယက် သောင်းကျန်း မီးရှို့ သ-တ်-ဖြတ် နေတာ ဖြစ်ပါတယ်။

အရာတော် တိုက်ပွဲအတွင်း စကစတွေ နေရာယူခဲ့တဲ့ နေရာ/Photo - အရာတော် ပကဖ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #တိုက်ပွဲ #ရဲချင်းရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ