မန္တလေး (၃၅)လမ်းမီးပွိုင့်မှာ စစ်အုပ်စုက ယာဉ်မောင်းကို ပစ်သတ်ပြီး ကားပေါ်က သိန်းထောင်ချီတန် ကျောက်စိမ်းတွေကို ခိုးယူ အစဖျောက်၊ ယခင်ကလည်း စစ်အုပ်စုက ကျပ်သိန်းသောင်းချီတန် ရတနာတွေ လုယက်ဖူး၊ အချီကြီး ရပြီးနောက် စစ်အုပ်စုက မန္တလေးမှာ ညပိုင်း ဆက်လက် ဖမ်းဆီးငွေ

မန္တလေး (၃၅)လမ်းမီးပွိုင့်မှာ စစ်အုပ်စုက ယာဉ်မောင်းကို ပစ်သတ်ပြီး ကားပေါ်က သိန်းထောင်ချီတန် ကျောက်စိမ်းတွေကို ခိုးယူ အစဖျောက်၊ ယခင်ကလည်း စစ်အုပ်စုက ကျပ်သိန်းသောင်းချီတန် ရတနာတွေ လုယက်ဖူး၊ အချီကြီး ရပြီးနောက် စစ်အုပ်စုက မန္တလေးမှာ ညပိုင်း ဆက်လက် ဖမ်းဆီးငွေ

MFP ၊ အောက်တိုဘာ - ၂၆

မန္တလေးမြို့လည်၊ (၇၃)လမ်းနဲ့ (၃၅)လမ်းမီးပွိုင့်မှာ ယမန်နေ့ ညပိုင်း ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက ကားရပ်မပေးလို့ဆိုပြီး ယာဉ်မောင်းကို မသေမချင်း ပစ်သတ်ပြီးနောက် ကားပေါ်ပါ ကျပ်သိန်းထောင်ချီ တန်ဘိုးရှိတဲ့ ကျောက်စိမ်း၊ ကျောက်မျက်တွေကိုပါ ခိုးယူလုယက် အစဖျောက်ထားတယ်လို့ နီးစပ်သူ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၂၂)ရက် ည(၁၀)နာရီဝန်းကျင်က၊ မန္တလေးမြို့၊ (၇၃)လမ်းနဲ့ (၃၅)လမ်း မီးပွိုင့်မှာ လာသမျှ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးငွေညှစ်နေတဲ့ စစ်အုပ်စုက အရှိန်နဲ့ မောင်းလာတဲ့ Crown အမျိုးအစား ကားတစ်စီးကို တားဆီးတာ ရပ်မပေးလို့ ဆိုပြီး နောက်ကဝိုင်းလိုက်ကာ ယာဉ်မောင်းကို ပစ်သတ်ခဲ့ပါတယ်။

စစ်အုပ်စုရဲ့ ပစ်သတ်ခံရသူဟာ မန္တလေးမြို့ခံ ကျောက်စိမ်း၊ကျောက်မျက်ကုန်သည် အသက်(၆၀)ဝန်းကျင်အရွယ် ဦးစိန်ဝင်း ဆိုသူဖြစ်ပြီး လူပစ်သတ်ခံရသလို ကားပေါ်ပါ ကျပ်သိန်း ထောင်သောင်းချီ တန်ဖိုးရှိတဲ့ ကျောက်စိမ်း၊ကျောက်မျက်တွေပါ စစ်အုပ်စုလက်က ပြန်မရဘဲ အစဖျောက် ခိုးယူခံထားရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်အုပ်စုက ဦးစိန်ဝင်းကို ပစ်သတ်ပြီးချိန် အလောင်းလာကောက်သူကိုပါ ပစ်သတ်မယ်လို့ အော်ဟစ်ဆဲဆို ခြိမ်းခြောက်နေတာကြောင့် ဘယ်သူမှ သွားမကြည့်ရဲဘူးလို့ အဲ့ဒီ ပစ်ခတ်မှု ဖြစ်စဉ်ကို သိရှိသူအချို့က MFP ကို ပြောပြထားပါတယ်။

“ ခွေးတွေက မီးပွိုင့်မှာ CCTV တွေ တပ်နေတာ၊ လာသမျှ ကားတွေဆိုင်ကယ်တွေကိုလည်း တားပြီး စစ်နေတယ်၊ အဲဒီကားကို ပစ်ခတ်ပြီးတော့လည်း အလောင်းလာ ကောက်တဲ့သူကိုပါ သတ်ပစ်မယ်လို့ မူးမူးရူးရူးနဲ့ အော်နေကြသေးတယ်၊ နောက်မှ ဘယ်လိုဖြစ်သွားလဲ မသိဘူး၊ လူနာတင်ကားတစ်စီးရောက်လာပြီး အလောင်းသယ်သွားတယ်၊ ကားကိုတော့ သူတို့ပဲ သိမ်းသွားတာ “ လို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ရှင်းပြပါတယ်။

စစ်အုပ်စုဟာ ဦးစိန်ဝင်းရဲ့ ကားပေါ်က တန်ဘိုးကြီး ကျောက်စိမ်း၊ ကျောက်မျက်တွေကို ခိုးယူ အစဖျောက်ထားသလို အလောင်းကိုလည်း မိသားစုထံ ပြန်မပေးဘဲ စစ်အုပ်စု အစီအစဉ်နဲ့ သင်္ဂြိုဟ်ခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

ကားရပ်မပေးလို့ ပစ်ခတ်ရာက လမ်းဘေး ယာဉ်ထိန်းရုံးကို ဝင်တိုက်ပြီး ယာဉ်မောင်း သေဆုံးတာလို့ စစ်အုပ်စုက သတင်းဖြန့်ထားပါတယ်။

ဦးစိန်ဝင်း ဖြစ်စဉ်နောက်ပိုင်း နောက်ညတွေမှာလည်း စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာတွေ ဆက်လက်လုပ်ဆောင်နေပြီး အောက်တိုဘာ (၂၃) ရက် ညကလည်း မန္တလေးမြို့၊ (၇၃)လမ်းနဲ့ (၃၈)လမ်းထောင့်မှာ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်ကာ ဆိုင်ကယ်စီး လူငယ်တစ်ဦးကို ပစ်ခတ် ဖမ်းဆီးသွားသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့မှာ နေ့၊ည အချိန်မရွေး ပြည်သူကို ဖမ်းဆီးငွေညှစ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ယခင်ကလည်း ဦးစိန်ဝင်း ဖြစ်စဉ်လိုမျိုး တန်ကြီးပစ္စည်းတွေကို လက်နက်ပြ လုယက်တာတွေ ရှိခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၈) ရက် နေ့လယ်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးအနီးမှာ စစ်အုပ်စုလို့ ယူဆရတဲ့ သေနတ်အရှည်လွယ်၊ ယူနီဖောင်းဝတ်ဆင်ထားတဲ့ အမျိုးသားနှစ်ဦးနဲ့ အရပ်ဝတ် အမျိုးသားနှစ်ဦးက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးခဲ့ရာ ကိုယ်ပိုင်ကားတစ်စီးပေါ်က ကျပ်သိန်းတစ်သောင်းကျော် တန်ဖိုးရှိတဲ့ ကျောက်စိမ်းကျောက်မျက် ရတနာတွေ မြင်တွေ့သွားပြီးနောက် လက်နက်ပြ မိုက်ကြေးခွဲကာ အဲ့ဒီ ရတနာတွေကို လုယက်ယူဆောင်သွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ စစ်အုပ်စု စစ်ဆေးရေးအဖွဲ့က ကျပ်သိန်းသောင်းချီတန် ရတနာတွေ လုယက်သွားကြောင်း ရဲစခန်း သွားတိုင်ခဲ့ပေမယ့် ဒီနေ့အထိ တရားခံ မပေါ်သလို ပြန်မရသေးဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။

ဒါ့အပြင် ယခုနှစ်ဆန်းပိုင်းကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲ ယူနီဖောင်းတွေနဲ့ ဧည့်စာရင်းစစ်တဲ့ စစ်အုပ်စုက အိမ်တစ်အိမ်ထဲ ဝင်ရောက်စစ်ဆေးချိန် အမျိုးသမီး တစ်ဦးတည်း ရှိနေတာကို သိရှိသွားပြီးနောက် တစ်အိမ်လုံးကို မွှေနှောက်ရှာဖွေကာ တန်ဘိုးကြီး ရွှေနဲ့ ကျောက်စိမ်းတွေကို ခြိမ်းခြောက် လုယက်ခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ လုယက်မှု၊ ဓားပြမှု၊ ခိုးမှု၊ အနုကြမ်းစီးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ယူနီဖောင်း ဝတ်ထားသူတွေကပါ ခိုးယူလုယက် ဓားပြတိုက်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေးမှာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျောက်ကုန်သည် #ကျောက်ကုန်သည် #ကျောက်စိမ်းနဲ့ငွေတွေပျောက်ဆုံးနေ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ