ငါန်းဇွန်မှာ ထွေအုပ်စာရေး လင်မယား အသတ်ခံရပြီးနောက် စစ်အုပ်စုက အမျိုးသမီး အပါအဝင် ဒေသခံ လူငယ်ငါးဦးကို ဖမ်းဆီး ညှဉ်းပန်း နဖူးတေ့ ပစ်သတ်၊ အလောင်းတွေကို မိုင်(၄၀)ကျော်အဝေးမှာ စွန့်ပစ်ပြီး PDF အချင်းချင်း သတ်တာလို့ သတင်းဖြန့်၊

ငါန်းဇွန်မှာ ထွေအုပ်စာရေး လင်မယား အသတ်ခံရပြီးနောက် စစ်အုပ်စုက အမျိုးသမီး အပါအဝင် ဒေသခံ လူငယ်ငါးဦးကို ဖမ်းဆီး ညှဉ်းပန်း နဖူးတေ့ ပစ်သတ်၊ အလောင်းတွေကို မိုင်(၄၀)ကျော်အဝေးမှာ စွန့်ပစ်ပြီး PDF အချင်းချင်း သတ်တာလို့ သတင်းဖြန့်၊

MFP ၊ အောက်တိုဘာ - ၂၀

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် အရှေ့ခြမ်း ဂျွန်းကန်ရွာက စစ်ကောင်စီ သစ္စာခံ ထွေအုပ်စာရေး လင်မယား အသတ်ခံရပြီးနောက် စစ်အုပ်စုက အမျိုးသမီးငယ်တစ်ဦး အပါအဝင် ဒေသခံ လူငယ်ငါးဦးကို ဖမ်းဆီးပြီး ညှဉ်းပန်း သတ်ဖြတ်ကာ အလောင်းတွေကို လမ်းဘေးစွန့်ပစ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်မြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ (၁၄) ရက်က ငါန်းဇွန်မြို့နယ်၊ ဂျွန်းကန်ရွာက ထွေအုပ်ရပ်ကျေးစာရေး မင်းဇော်ဦး (၄၃နှစ်)နှင့် ၎င်းရဲ့ ဇနီး Non CDM ကျောင်းဆရာမ ဒေါ်စီစီစိန် (၃၇နှစ်)တို့ နှစ်ဦး ဆိုင်ကယ်စီး သွားလာနေချိန် မြို့သာမြို့အနီး ကျေးရွာချင်းဆက် လမ်းပေါ်မှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးတာလို့ ဆိုပါတယ်။

ဂျွန်းကန်ရွာက ထွေအုပ်စာရေး လင်မယားဟာ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူအပေါ် ဖိနှိပ်ရန်ပြု သောင်းကျန်းနေသူတွေ ဖြစ်ပြီး ဘယ်သူက ပစ်သတ်တယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုက ဂျွန်းကန်ရွာထဲ ဝင်မွှေသောင်းကျန်းပြီး ဒေသခံတွေကို ဖမ်းဆီးကာ အမျိုးသမီးတစ်ဦး အပါအဝင် လူငယ်ငါးဦးကို လက်ပြန်ကြိုးတုပ် ညှဉ်းပန်းပြီး အောက်တိုဘာ(၁၇)ရက်မှာ ငါန်းဇွန်နယ် အနောက်ခြမ်းက ကုလရွဘက် ခေါ်ဆောင်လာကာ ခေါင်းကိုတေ့ကာ ပစ်သတ်ပြီးနောက် အလောင်းတွေကို ကုလရွာအဝင် ဇရပ်ဘေးမှာ စွန့်ပစ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"စစ်ကောင်စိတွေက ဂျွန်းကန်ရွာသားတွေကို ဖမ်းပြီး ကုလရွာဘက် ခေါ်လာတယ်။ ည(၉)နာရီမှာ ကုလရွာ ရွာတောင်ဘက်က တာဘောင်ပေါ် ပစ်သတ်ပြီးထားခဲ့ပြီး အလောင်းတွေကို နောက်နေ့မနက်ခင်း ပြန်ကောက်သွားတယ်။ ကုလရွာနဲ့ ဂျွန်းကန်ရွာက အဝေးကြီးပါ။ မိုင်(၄၀)လောက် ဝေးတယ်။ ကုလရွာက ငါန်းဇွန်မြို့ရဲ့အနောက်ဘက် (၇)မိုင်လောက်မှာ။ ငါန်းဇွန်မြို့ရဲ့တောင်စူးစူး (၂၅)မိုင်လောက်မှာ မြို့သာမြို့ရှိ့တယ်။ အဲ့မြို့သာမြို့ရဲ့ အရှေ့ဘက် (၉)မိုင်လောက်မှာ ဂျွန်းကန်က" လို့ဘ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ(၁၇)ရက် ညပိုင်းက ငါန်းဇွန်မြို့နယ် ကုလကျေးရွာအနီးကို စစ်ကားသုံးစီးနဲ့ ရောက်လာပြီး လက်ပြန်ကြိုးတုပ် ဖမ်းဆီးထားတဲ့ လူငယ်ငါးဦးကို နဖူးကို သေနတ်နဲ့ တေ့ပစ်ကာ သတ်ဖြတ်ပြီးနောက် အလောင်းတွေကို လမ်းဘေး စွန့်ပစ် ထားခဲ့ပြီး အောက်တိုဘာ(၁၈)ရက် မနက်(၉)နာရီလောက်မှာ စစ်ကားသုံးစီးနဲ့ အလောင်းတွေ ပြန်လာကောက်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုရဲ့ သတ်ဖြတ်ခံရသူတွေဟာ အမျိုးသမီးတစ်ဦး အပါအဝင် လူငယ်ငါးဦး ဖြစ်ပြီး ငါန်းဇွန်ယန အရှေ့ခြမ်း ဂျွန်းကန်ရွှာက ဖြစ်တယ်လို့ ဒေသခံတွေက MFP ကို အတည်ပြုပါတယ်။

စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ ကုလရွာအနီးမှာ လက်ပြန်ကြိုးတုပ်ပြီး မျက်လုံးကို အဝတ်စနဲ့ ပတ်ခံထားရကာ နဖူးကို ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတွေ တွေ့ရှိရကြောင်းနှင့် အဲ့ဒီ အလောင်းတွေဟာ PDF အချင်းချင်း သတ်တာလို့ သတင်းမှားဖြန့်ပါတယ်။

မြင်းခြံ၊ ငါန်းဇွန်နယ်ထဲ စစ်အုပ်စုနှင့် ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး ဒေသခံအရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ ငွေညှစ်တာ၊ ညှဉ်းပန်းတာ၊ သတ်ဖြတ်တာ၊ မိုက်ကြေးခွဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။

ယခုလဆန်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း မြင်းခြံခရိုင် နွားထိုးကြီးနှင့် တောင်သာနယ်က NLD ပါတီဝင် ဒေသခံ ပြည်သူ အနည်းဆုံး ခြောက်ဦးနှင့် ညောင်ဦးမြို့နယ်က NLD ပါတီဝင် ဒေသခံပြည်သူ ခြောက်ဦးကို စစ်အုပ်စုက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် စက်တင်ဘာလအတွင်းကလည်း ငါန်းဇွန်နယ် ကျေးရွာတွေက အမျိုးသား ရှစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးကို သတ်ဖြတ်ကာ ကျန်ခုနှစ်ဦးကို မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တွေအဖြစ် စွပ်စွဲသတင်းထုတ်ပြန်ထားပါတယ်။

ငါန်းဇွန်မြို့နယ် အရှေ့ခြမ်း ဂျွန်းကန်ရွာက လူငယ်ငါးဦးကို စစ်အုပ်စုက ငါန်းဇွန်နယ် အနောက်ခြမ်း ကုလရွာဘက် ဖမ်းခေါ်လာပြီး နဖူးသေနတ်နဲ့တေ့ပစ် သတ်ဖြတ်ကာ အလောင်း စွန့်ပစ်ထားစဉ်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါန်းဇွန် #အလောင်းစွန့်ပစ် #ထွေအုပ်စာရေး #ဂျွန်းကန်ရွာ #ကုလရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ