ယင်းမာပင်နယ် ချင်းတွင်းမြစ်ဘေးက ရွာတွေကို စစ်အုပ်စုက ရမ်းကားပစ်ခတ်လို့ ပြည်သူတွေ ထွက်ပြေးရ၊ ဘုရားစေတီနှင့် သာသနိက အဆောက်အဦတွေ လက်နက်ကြီးထိမှန်၊

ယင်းမာပင်နယ် ချင်းတွင်းမြစ်ဘေးက ရွာတွေကို စစ်အုပ်စုက ရမ်းကားပစ်ခတ်လို့ ပြည်သူတွေ ထွက်ပြေးရ၊ ဘုရားစေတီနှင့် သာသနိက အဆောက်အဦတွေ လက်နက်ကြီးထိမှန်၊

MFP ၊ အောက်တိုဘာ - ၁၄

စစ်ကိုင်းတိုင်း ယင်းမာပင်နယ်မှာ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်သေင်္ဘာတွေ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မြစ်ကမ်းဘေး ရွာတွေကို ရမ်းကားပစ်ခတ်တာကြောင့် ပြည်သူတွေ ထွက်ပြေးနေရပြီး ဘုရားစေတီနှင့် သာသနိက အဆောက်အဦတွေ လက်နက်ကြီးထိမှန် ပျက်စီးတယ်လို့ ယင်းမာပင်မြိုကနယ် PDF တပ်ရင်း(၃)က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁၄)ရက်က နေပလည်ပိုင်းက မုံရွာမြို့၊ အလုံ၊မင်းဒေါင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်သ‌င်္ဘော နှစ်စီးကို ယင်းမာပင်မြို့နယ်တပ်ရင်း- (၃)က ပြောင်းတိုက် နှစ်လုံး အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားပြီး မြစ်ကမ်းဘေး ရွာတွေကို ပစ်ခတ်တာကြောင့် ဒေသခ့တွေ ထွက်ပြေးရတာလို့ ယင်းမာပင်မြို့နယ် PDF တပ်ရင်း(၃)က ဖော်ပြပါတယ်။

"စစ်သင်္ဘောနှစ်စီးမှာ ကာကွယ်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုများကို ကြောက်လန့်၍ မြစ်ကြောင်းတလျှောက်တွင် လက်နက်ကြီးများ အဆမတန် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မြစ်ကမ်းဘေးရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ။ နတ်လာပို့မြောက်ရွာရှိ စေတီနှင့် စောင်းတန်းအမိုး၊ စောင်းတန်းတိုင်များ၊ အုတ်တံတိုင်း၊ ဓမ္မာရုံနံရံများနှင့်တကွ လူနေအိမ်များ ထိမှန်ပြီး မီးကြိုးများလည်း ပျက်ကျခဲ့။ မြစ်ဘေးတလျှောက်ရှိ ထိခိုက်ပျက်စီးခဲ့မှု အသေးစိတ်ကို မသိရသေးပေမယ့် မပေါက်ကွဲသေးသော လက်နက်ကြီး ကျည်ဖူးတစ်လုံးကိုလည်း တွေ့ရှိခဲ့ရာ ပြည်သူများ အသက်အန္တယ်ရယ်ကင်းရှင်းစေရန် ရှင်းလင်းခဲ့ကြောင်း မိဘပြည်သူသို့ အသိပေး တင်ပြအပ်ပါသည်" လို့ ယင်းမာပင်မြို့နယ်တပ်ရင်း (၃) သတင်းနှင့်ပြန်ကြားရေးက ဖော်ပြပါတယ်။

စစ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ သင်္ဘောတစ်စီး လက်နက်ကြီး ထိမှန်ခဲ့ပြီး စကစတွေ အထိအခိုက် အသေအပျောက် ရှိနိုင်ကာ ပြည်သူ့ရဲဘော်တွေ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း မင်းကင်းနယ်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘောနှစ်စီးကို ကနီ၊ မုံရွာနှင့် ယင်းမာပင်နယ်ထဲမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မြစ်ကြောင်းတလျှောက် စောင့်ကြို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုကလည်း ပြည်သူကို ပစ်မှတ်ထားကာ ပြန်လည် ရမ်းကား ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ယင်းမာပင်နယ် နတ်လာပို့ (မြောက်)ရွာက ဘုရားစေတီ၊ သာသနိက အဆောက်အဦနှင့် မီးကြိုးတွေ စစ်အုပ်စုက ရမ်းကားပစ်ခတ်လို့ ထိခိုက်ပျက်စီးခဲ့/Photo - ယင်းမာပင်မြို့နယ် တပ်ရင်း(၃)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #နတ်လာပို့ #ချင်းတွင်း #မုံရွာ #ဘုရားစေတီ #သာသနိကအဆောက်အဦ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ