နောင်ချိုနယ်မှာ မန္တလေး PDF နှင့် စစ်အုပ်စု တနေကုန် တိုက်ပွဲဖြစ်၊ စစ်အုပ်စုက ညနေပိုင်းမှာ ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက် ပစ်ခတ်၊

နောင်ချိုနယ်မှာ မန္တလေး PDF နှင့် စစ်အုပ်စု တနေကုန် တိုက်ပွဲဖြစ်၊ စစ်အုပ်စုက ညနေပိုင်းမှာ ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက် ပစ်ခတ်၊

MFP ၊ သြဂုတ် - ၂၄



မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ်၊ နောင်ချိုမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး နှင့် ဖက်ဆစ်တပ် ကြား ဒီနေ့ သြဂုတ်(၂၄)ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိ တနေကုန် တိုက်ပွဲ ဖြစ်ပွားနေပြီး ဖက်ဆစ်တပ်က ရဟတ်ယာဉ် အသုံးပြုကာ တိုက်ခိုက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။



နောင်ချိုမြို့နယ်ထဲမှာ ဒီမနက် (၈)နာရီကျော်က စတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာ စစ်အုပ်စုက ရဟတ်ယာဉ် နှစ်စီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး တပ်ဖွဲ့ဝင် ရဲဘော်မိုးကြိုးက MFP ကို ပြောပါတယ်။



“ဒီနေ့မနက် (၈)နာရီကျော်လောက်က စဖြစ်တယ်။ တနေကုန် ကြိုကြားကြိုကြား ဖြစ်နေတာ။ ညနေ (၄)နာရီ ကျော်လောက်မှာ ရဟတ်ယာဉ်နှစ်စ်ီးနဲ့ လာပစ်တယ်” လို့ ရဲဘော် မိုးကြိုးက ဆိုပါတယ်။



တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေ မသိရသေးဘဲ မန္တလေး PDF အနေနဲ့ ဆက်လက် သတင်း ထုတ်ပြန်မယ်လို့ ဆိုပါတယ်။



တိုက်ပွဲဖြစ်ပွားရာ အနီးအနား ကျေးရွာတွေက ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။



ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း မေမြို့နှင့် နောင်ချိုမြို့နယ်ထဲမှာ မန္တလေး PDF နှင့် စစ်အုပ်စုကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မန္တလေး PDF တပ်ဖွဲ့တွေ ရှိရာဘက် ဝင်လာတဲ့ စစ်အုပ်စုကို မောင်းထုတ်ရာက စစ်အုပ်စု အသေအပျောက် များစွာနဲ့ အလောင်း မကောက်နိုင်ဘဲ ထွက်ပြေးသွားတယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။



ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး - မန္တလေး PDF တပ်ဖွဲ့ဝင် ရဲဘော်တချို့/Photo - မန္တလေး PDF



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #ရှမ်းမြောက် #မန္တလေးPDF #နောင်ချို #တိုက်ပွဲ #PDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ