ဒီပဲယင်းက ကျောင်းသား ကလေးငယ်တွေ အသတ်ခံရမှု Save the Children က အဖြစ်မှန် ထုတ်မပြောဝံ့ဘဲ ကန့်ကွက်ကြောင်း ထုတ်ပြန်၊ ကုလ၊ အာဆီယံနှင့် ကမ္ဘာ့အစိုးရ ခေါင်းဆောင်တွေကို အပြစ်တင်ပြီး အရေးယူဖို့ တောင်းဆိုတယ်လို့ ဖော်ပြ၊

ဒီပဲယင်းက ကျောင်းသား ကလေးငယ်တွေ အသတ်ခံရမှု Save the Children က အဖြစ်မှန် ထုတ်မပြောဝံ့ဘဲ ကန့်ကွက်ကြောင်း ထုတ်ပြန်၊ ကုလ၊ အာဆီယံနှင့် ကမ္ဘာ့အစိုးရ ခေါင်းဆောင်တွေကို အပြစ်တင်ပြီး အရေးယူဖို့ တောင်းဆိုတယ်လို့ ဖော်ပြ၊

MFP ၊ စက်တင်ဘာ - ၂၀

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းထဲ စာသင်နေတဲ့ ကလေးသူငယ်တွေကို စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ နာရီဝက်ကျော်ကြာ ပစ်ခတ် သ-တ်-ဖြတ်လို့ ကလေးငယ် (၁၁)ဦးခန့် သေဆုံးတဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး နိုင်ငံတကာ အဖွဲ့အစည်းကြီးဖြစ်တဲ့ Save the Children က ဖြစ်စဉ်အမှန်ကို ထုတ်မပြောရဲဘဲ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဆုံးရှုံးသွားတဲ့ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြောင်း ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။

ဒီပဲယင်းမှာ စာသင်ခန်းထဲက ကလေးငယ်တွေကို စစ်အုပ်စုက သ-တ်-ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စက်တင်ဘာ(၁၉)ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ Save the Children ရဲ့ ကြေညာချက်မှာ “စစ်အုပ်စုက တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် သ-တ်-ဖြတ်”တဲ့ အကြောင်းကို ဖော်ပြထားတာ မရှိဘဲ ကလေးငယ်(၁၁)ဦးခန့် သေဆုံးရတဲ့ “ဆိုးရွာစွာ တိုက်ခိုက်မှု”လို့သာ ဖော်ပြပါတယ်။

“၂၀၂၂ ခုနှစ်၊ စက်တင်ဘာ (၁၆)ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်း တစ်ကျောင်းအား တိုက်ခိုက်ခံခဲ့ရမှုတွင် အနည်းဆုံး ကလေးသူငယ် (၁၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများ ကြားသိရသည့်အပေါ် လွန်စွာထိတ်လန့် တုန်လှုပ် မိပါသည်။ ယင်းတိုက်ခိုက်မှုအပေါ် Save the Children အနေဖြင့် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် သားသမီးများနှင့် ချစ်ခင်ရသူ များကို ဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့်ထပ်တူ စိတ်ထိခိုက် ဝမ်းနည်းရကြောင်းကိုလည်း အလေးအနက် ပြောကြားလိုပါသည်” လို့ Save the Children က ဖော်ပြပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို လေးစားလိုက်နာပြီး ကလေးသူငယ်မတွေနှင့် စာသင်ကျောင်းတွေကို တိုက်ခိုက်တာ မပြုလုပ်ဖို့ ထပ်မံ တောင်းဆိုတယ်လို့လည်း Save the Children က ဆိုပါတယ်။

“ပဋိပက္ခ၏ ဒဏ်ချက်များအား ကလေးသူငယ်များ ဆက်လက် ထိခိုက် ခံစားနေရသည်ကို တွေ့ရှိနေရပါသည်။ အကြမ်းဖက် လုပ်ဆောင်ချက်များကို ချက်ချင်းရပ်တန့်ရန်၊ ကလေးသူငယ်များနှင့် အရပ်သားများအပေါ် အန္တရာယ် မကျရောက်စေရေး အကာအကွယ်ပေးရန် ကျွန်ုပ်တို့ ထပ်မံ တောင်းဆိုလိုက်သည်” လို့ Save the Children က ဖော်ပြပါတယ်။

Save the Children ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hassan Noor Saadi က ဒီပဲယင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ နိုင်ငံတကာ အစိုးရ ခေါင်းဆောင်များနှင့် အာဆီယံက အရေးယူပေးဖို့ တောင်းဆို တယ်လို့ ဆိုပါတယ်။

“ယခု သီတင်းပတ်အတွင်း နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တွေ့ဆုံကြမည့် ကမ္ဘာတစ်ဝှမ်းမှ အစိုးရ ခေါင်းဆောင်များအား ဤတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချပြီး ရာဇဝတ်မှု ကျူးလွန်သူများ တာဝန်ခံယူမှု ရှိစေရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများနှင့် ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အမြန်ဆုံး အစည်းအဝေး ခေါ်ယူရန်နှင့် ဘေးကင်းစွာ ပညာသင်ကြားခွင့် အပါအဝင် ကလေးသူငယ် အခွင့်အရေးများ အားလုံးကို အကာအကွယ် ပေးနိုင်သည့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ရန်လည်း ကျွန်ုပ်တို့ တောင်းဆိုသည်။ အာဆီယံ အနေဖြင့်လည်း အရေးယူ ဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ရန် ထပ်လောင်း တောင်းဆို လိုက်သည်။ ထိရောက်သော ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ယခုကဲ့သို့သော အဖြစ်အပျက်မျိုး မည်မျှ ထပ်မံဖြစ်ပွားရဦး မည်နည်း“ လို့ Save the Children ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hassan Noor Saadi က ပြောတယ်လို့ ဖော်ပြပါတယ်။

Save the Children ဟာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်းကို လိုက်နာ ကျင့်သုံးပြီး ကလေးသူငယ်တွေကို ကာကွယ်ပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

Save the Children အနေနဲ့ မြန်မာနိုင်ငံမှာ ၁၉၉၅ က စတင်ပြီး ကျန်းမာရေး၊ စားနပ်ရိက္ခာ၊ ပညာရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို မိတ်ဖက်အဖွဲ့အစည်း (၅၀) ကျော်နဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #SaveTheChildren #ဒီပဲယင်း #ကျောင်းသား #ကလေးသူငယ် #စာသင်ခန်း #စစ်ရဟတ်ယာဉ် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ