MFP ၊ စက်တင်ဘာ - ၁၀
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဖွတ်လှိုင်းကျေးရွာကို စစ်အုပ်စုက မနေ့က ညနေပိုင်း ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးပြီး ဒေသခံပြည်သူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် လေကြောင်းက ဗုံးကြဲအပြီး မြေပြင်မှာ ရှိနေတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာကြောင့် ဖွတ်လှိုင်းရွာက နေအိမ် လေးလုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ(၉)ရက် မနေ့က ညနေ(၅)နာရီကျော်မှာ စစ်အုပ်စုက ဝက်လက်မြို့နယ် ဖွတ်လှိုင်းရွာကို အကြောင်းမဲ့ ရဟတ်ယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး ဆက်တိုက်ဆိုသလို ဖွတ်လှိုင်းရွာရဲ့ အရှေ့ဘက် ရင်းမကန်ကျေးရွာထဲ ဝင်မွှေလုယက် ဓားပြတိုက်နေတဲ့ စစ်အုပ်စုက (၆၀မမ) စိန်ပြောင်းတွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးပြီး မီးလောင်ခဲ့ပေမယ့် မိုးရွာလာလို့ ရွာလုံးကျွတ် ပြာကျမယ့် အန္တရာယ်က ကင်းလွတ်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
" ရွာမြောက်ပိုင်းက စပြီး မီးလောင်တာ။ မိုးရွာလို့ တရွာလုံးမလောင်တာ” လို့ ဒေသခံတစ်ဦးက ပြောကြောင်း ရွှေဘိုခရိုင် သတင်းစုံက ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ဝက်လက်နယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားပြီး လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသ-တ်၊ လုယတ်၊ ဓားပြတိုက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ် တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ရဟတ်ယာဉ်
ဝက်လက်နယ်က ရွာတွေကို စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူတစ်ဦး ဒဏ်ရာရ၊ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ပါ ထုလို့ နေအိမ်တွေ မီးလောင်ပျက်စီး၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024