မန္တလေး UG အဖွဲ့ MDY-PDF ရဲ့ လက်နက်ဝယ်ယူရေး အလှူခံမှု လှူဒါန်းသူ နည်းပါး၊ မန္တလေးက နေရာ(၃၀)ကို စာပို့ဆက်သွယ်ရာ နှစ်ဦးကသာ အကြောင်းပြန်ဟုဆို၊

မန္တလေး UG အဖွဲ့ MDY-PDF ရဲ့ လက်နက်ဝယ်ယူရေး အလှူခံမှု လှူဒါန်းသူ နည်းပါး၊ မန္တလေးက နေရာ(၃၀)ကို စာပို့ဆက်သွယ်ရာ နှစ်ဦးကသာ အကြောင်းပြန်ဟုဆို၊

MFP ၊ စက်တင်ဘာ - ၁၄

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မန္တလေးမြို့မှာ ပြောက်ကျား တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် MDY-PDF က လက်နက်ဝယ်ဖို့ အလှူခံနေတဲ့ ကမ်ပိန်းမှာ ပါဝင်ပေးဖို့ မန္တလေးက နေရာ(၃၀)ကို စာပို့ဆက်သွယ် အကူအညီ တောင်းခံခဲ့ရာမှာ နှစ်နေရာကသာ အကြောင်းပြန်တာကို စိတ်မကောင်းဖွယ်ရာ တွေ့ရတယ်လို့ ဆိုပါတယ်။

MDY-PDF အတွက် လက်နက်ဝယ်ဖို့ အလှူခံနေတဲ့ “နိုင်အောင်လည်းလှူ၊ နိုင်အောင်လည်းကူ” ကမ်ပိန်းမှာ ပါဝင်ပေးဖို့ စမ်းသပ်မှုအနေနဲ့ မန္တလေးမြို့ပေါ်က ဘီယာဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်နဲ့ ကုမ္ပဏီ စတဲ့ နေရာ (၃၀) ကို စာပေးပို့ပြီး ကမ်ပိန်းမှာ ပါဝင်ပေးဖို့ နှိုးဆော်ခဲ့ရာ နှစ်နေရာကပဲ အကြောင်းပြန် ပါဝင်လာတယ်လို့ ဆိုပါတယ်။

“ကျွန်ုပ်တို့ MDY-PDF မှ "နိုင်အောင်လဲလှူ၊ နိုင်အောင်လဲကူ" Campaign ပြုလုပ်နေချိန် (၁၅) ရက်တာ အချိန်အတွင်း MDY မှ မန်းပြည်သူ အချို့အား စမ်းသပ်မှု တစ်ခု ပြုလုပ်ခဲ့ပါသည်။ ထိုစမ်းသပ်မှုမှာ အောက်ပါစာအား print ထုတ်၍ ဘီယာဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊ Company ကြီးများ (ပေးပို့နေရာ ၃၀ )အား အောက်ပါစာအား ပေးပို့၍ Campaign တွင်ပါဝင်ပေးရန် နှိုးဆော် မေတ္တာရပ်ခံခဲ့ရာ ဝမ်းနည်းစွာပင် နှစ်ခုမှသာ အကြောင်းပြန်၍ ပါဝင်လာပါကြောင်း တွေ့ရှိရပါသည်” လို့ MDY – PDF က ဖော်ပြပါတယ်။

အဲဒီ ကမ်ပိန်းအတွက် ဩဂုတ်(၂၆)ရက်ကနေ စက်တင်ဘာ(၉) ရက်အထိ (၁၅)ရက်ကြာ လုပ်ဆောင်ခဲ့ရာမှာ မျှော်မှန်းအလှူငွေ ကျပ်သိန်း (၄၀၀) ရရှိဖို့ ခန့်မှန်းခဲ့ပေမယ့် ဒီနေ့ စက်တင်ဘာ (၁၄) ရက်အထိ အလှူငွေ ကျပ်(၁၀)နီးပါးသာ ရရှိခဲ့ပြီး အခြား ထောက်ပံ့ရေးအဖွဲ့တွေက ကူညီတဲ့ ကျပ် (၄၁) သိန်းကျော်နဲ့ ပေါင်းပါမှ စုစုပေါင်း ကျပ်(၅၁) သိန်းကျော်သာ ရရှိထားတယ်လို့ MDY-PDF က ဆိုပါတယ်။

အဲ့ဒီ အလှူခံတဲ့ ကမ်ပိန်းကို လတ်တလော ရပ်နားထားမှာ ဖြစ်ပြီး ပါဝင်သူ နည်းပါးတဲ့အတွက် စိတ်ဓာတ်ကျမိတယ်လို့ MDY-PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

MDY-PDF ဟာ မန္တလေးမြို့ပေါ် ပြောက်ကျားတိုက်ခိုက်မှုတွေ အပါအဝင် မဟာမိတ် တပ်ဖွဲ့တွေနှင့် ပူးပေါင်းပြီး ရှေ့တန်း စစ်မြေပြင်မှာလည်း တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MDY_PDF #ကမ်ပိန်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ