မန္တလေးမှာ ညအချိန် ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက ကားတစ်စီးကို သေနတ်နဲ့ဝိုင်းပစ်၊ ယာဉ်မောင်းသေဆုံး၊ အလောင်းလာကောက်သူကိုပါ သတ်မယ်လို့ မူးရူးအော်ဟစ်ခြိမ်းခြောက်၊

မန္တလေးမှာ ညအချိန် ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက ကားတစ်စီးကို သေနတ်နဲ့ဝိုင်းပစ်၊ ယာဉ်မောင်းသေဆုံး၊ အလောင်းလာကောက်သူကိုပါ သတ်မယ်လို့ မူးရူးအော်ဟစ်ခြိမ်းခြောက်၊

MFP ၊ အောက်တိုဘာ - ၂၃

မန္တလေးမြို့၊ (၇၃) လမ်းနဲ့ (၃၅) လမ်းထောင့်မှာ မနေ့က ညပိုင်း လာသမျှ ကား၊ဆိုင်ကယ် ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက ကားတစ်စီးကို သေနတ်နဲ့ ဝိုင်းပစ်ခတ်လို့ ယာဉ်မောင်း သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ (၂၂) ရက် ည (၁၀) နာရီဝန်းကျင်က မန္တလေးမြို့လည်ခေါင်ဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်၊ (၇၃) လမ်းနဲ့ (၃၅)လမ်းထောင့် မီးပွိုင့်မှာ စစ်အုပ်စုက CCTV တွေ တပ်ဆက်ရင်း စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်အင်အား (၂၀) ခန့်က လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်နေချိန် ကားတစ်စီးကို သေနတ်နဲ့ ဝိုင်းပစ်တာလို့ ဆိုပါတယ်။

မြို့လည် (၃၅) လမ်းအတိုင်း အရှိန်နဲ့ မောင်းနှင်လာတဲ့ Crown ကားကို တားဆီးရာ မရပ်ပေးလို့ဆိုပြီး စစ်အုပ်စုက (၃၅)လမ်း၊ (၇၃)နှင့် (၇၄)လမ်းကြားမှာ သေနတ်နဲ့ ဝိုင်းပစ်ခဲ့တာလို့ ဆိုပါတယ်။ ကားက မီးပွိုင့်အနီး လမ်းဘေးယာဉ်ထိန်းရုံးကို ဝင်တိုက်ကာ ရပ်တန့်သွားပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုက ဖမ်းဆီးငွေညှစ်နေတာကို မသိဘဲ အရှိန်နဲ့ မောင်းလာချိန် စစ်အုပ်စုရဲ့ ပစ်သတ်ခံလိုက်ရတာ ဖြစ်ပြီး ယာဉ်ထိန်းရုံးကို ဝင်တိုက်ပြီး ကားရပ်သွားချိန်အထိ စစ်အုပ်စုက ဆက်လက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

လမ်းဘေးမှာ ရပ်တန့်သွားတဲ့ကားကို ဆက်လက်ပစ်ခတ်နေတဲ့ စစ်အုပ်စုက လူနာတင်ကားတွေ မလာဖို့နဲ့ လာတဲ့သူကိုပါ ပစ်သတ်မယ်လို့ မူးရူးဆဲဆို အော်ဟစ်ခြိမ်းခြောက်ခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိသူ မြို့ခံတစ်ဦးက ရှင်းပြပါတယ်။

“ သေနတ်ပစ်သံက (၁၀) ချက်မက ကြားရတယ်၊ ကားက သူတို့စစ်နေတာ မသိဘဲ ဝင်လာတာ၊ ကြောက်အားလန့်အားနဲ့ မောင်းပြေးတဲ့သဘောပဲ၊ ယာဉ်ထိန်းရုံးကို ဝင်တိုက်ပြီး ရပ်သွားပေမယ့် ခွေးတွေက ဆက်ပစ်နေသေးတာ၊ အဲဒါအပြင် လူနာတင်ကားလာရင်လည်း ပစ်မယ်ဆိုပြီး ရပ်ကွက်ကို အော်ဟစ်ဆဲဆိုတာတွေ လုပ်တယ် “ လို့ သူက MFP ကို ပြောပါတယ်။

ထင်တိုင်းကျဲ ပစ်ခတ်သောင်းကျန်းပြီး ခဏအကြာမှာ စစ်အုပ်စုက လူနာတင်ယာဉ်တစ်စီး ခေါ်ပြီး သေဆုံးသူကို ကားထဲက ဆွဲထုတ် တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက သေနတ်နဲ့ဝိုင်းပစ်ခဲ့တဲ့ကားထဲ ဒဏ်ရာရသူတွေ ရှိ၊မရှိနှင့် သေဆုံးသူနဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စစ်လော်ဘီတွေကတော့ ကားက လမ်းဘေး ယာဥ်ထိန်းရုံး ဝင်တိုက်ပြီး ယာဥ်မောင်းသေတာလို့ သတင်းဖြန့်ပါတယ်။

မန္တလေးမြို့မှာ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်နေချိန် ရပ်မပေးတဲ့ ဆိုင်ကယ်နဲ့ ကားတွေကို သေနတ်နဲ့ ပစ်သတ်တာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးကျုံးဘေး (၂၆)လမ်းပေါ် အပါအဝင် စစ်အုပ်စုက ပစ်သတ်သူ (၁၀) ဦးထက်မနည်း ရှိနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုရဲ့ ပစ်သတ်မှုတွေထဲ ပြီးခဲ့တဲ့နှစ်က (၁၂)လမ်းနဲ့ (၆၆) လမ်းထောင့်မှာ ဆိုင်ကယ်ကို သေနတ်နဲ့ လိုက်ပစ်သတ်ရာက စစ်ကောင်စီ စီစဥ်တဲ့ အလုပ်သမားဆေးရုံမှာ ကိုဗစ်ကာကွယ်ဆေး လာထိုးသူကို ထိမှန်ပြီး သေဆုံးသွားတဲ့ဖြစ်စဉ်က လူသိများပါတယ်။

စစ်အုပ်စုဟာ ယခု ရက်ပိုင်း မန္တလေးမြို့အနှံ့ နေ့ခင်းဘက်သာမက ညအချိန်တွေမှာပါ ဖမ်းဆီးငွေညှစ် သောင်းကျန်းနေပြီး ယမန်နေ့ ညပိုင်းကလည်း မဟာအောင်မြေမြို့နယ်ထဲ ကားတစ်စီးကို ဖမ်းဆီးငွေညှစ်နေချိန် ငွေမပေးဘဲ မောင်းထွက်သွားတာကို မူးရူးနေတဲ့ စကစတစ်ယောက်က လိုက်လံပစ်ခတ်ခဲ့ပြီး ယာဥ်ပေါ်ပါသူတွေဟာ စစ်ကောင်စီ သစ္စာခံ လဝက ဝန်ထမ်းတွေဖြစ်နေလို့ တောင်းပန်ပြီး ဆေးရုံပို့ပေးလိုက်ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မန္တလေးမြို့လည် (၃၅)လမ်းနှင့် (၇၃)လမ်းမီးပွိုင့် / Photo - MFP

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်အုပ်စု #သေနတ်နဲ့ဝိုင်းပစ် #ယာဉ်မောင်းသေဆုံး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ