စစ်ကိုင်းတံတား ရဲကင်းက သေနတ် ပျောက်မှု တရားခံ မတွေ့လို့ စကစ အချင်းချင်း ညှဉ်းပန်းနေ၊ စခန်းမှူး အပါအဝင် အမရပူရဲစခန်းက စစ်ကောင်စီသစ္စာခံ ရဲတွေ စစ်ကြောရေး ရောက်နေဟုဆို၊

စစ်ကိုင်းတံတား ရဲကင်းက သေနတ် ပျောက်မှု တရားခံ မတွေ့လို့ စကစ အချင်းချင်း ညှဉ်းပန်းနေ၊ စခန်းမှူး အပါအဝင် အမရပူရဲစခန်းက စစ်ကောင်စီသစ္စာခံ ရဲတွေ စစ်ကြောရေး ရောက်နေဟုဆို၊

MFP ၊ အောက်တိုဘာ - ၂၃

စစ်ကိုင်းနဲ့ မန္တလေး ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတားထိပ်က ရဲကင်းမှာ ထားတဲ့ သေနတ်နှစ်လက် ပျောက်ဆုံးသွားပြီးနောက် တရားခံ ရှာမတွေ့လို့ စကစတွေ အချင်းချင်း ညှဉ်းပန်းစစ်ကြောနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမရပူရရဲစခန်းအပိုင် စစ်ကိုင်းတံတား နှာပေါက်ထိပ် ရဲကင်းမှာ သေတ္တာထဲထည့်ပြီး သော့ခတ်သိမ်းထားတဲ့ သေနတ်နှစ်လက် ပျောက်ဆုံးနေတာကို အောက်တိုဘာ(၁၈)ရက်မှာ သိရှိခဲ့ပြီးနောက် ဒီနေ့ အောက်တိုဘာ (၂၃) ရက်အထိ လက်သည်ရှာမတွေ့သေးလို့ စခန်းမှူး အပါအဝင် အမရပူရ ရဲစခန်းက စစ်ကောင်စီ သစ္စာခံ ရဲတွေ ညှဉ်းပန်းစစ်ကြောခံနေရတာလို့ ဆိုပါတယ်။

“ ရဲတွေ ပျောက်ဆုံးတာ ထွက်ပြေးတာ မရှိဘဲ လက်နက်ချည်းပဲ ပျောက်နေတာဆိုတော့ ထွက်ပြေးဖို့အတွက် ဝှက်ထားတာပဲလား၊ တော်လှန်ရေးအဖွဲ့တွေဆီကို ရောင်းစားလိုက်တာလားဆိုတာ မသိရဘူး၊ အခုတော့ အမရပူရမြို့နယ်က ရဲတွေကို စစ်ခွေးတွေက ခေါ်စစ်နေတယ် “ လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတံတားထိပ်က စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေဟာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်းတာတွေ နေ့စဉ်လုပ်ဆောင်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းက စစ်ကိုင်းတံတားထိပ်၊ စစ်ကိုင်းဘက်ခြမ်းမှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်အုပ်စုက ခရီးသွားပြည်သူတွေကိုပါ ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာ (၁၉)ရက်ကလည်း အမရပူရ ရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သားတစ်ဉီးကို PDF များနှင့် ပူးပေါင်းပြီး ရဲစခန်းမှာ ရှိတဲ့ လက်နက်အင်အားနှင့် စခန်းမှူး သွားလာတဲ့ လမ်းကြောင်းတွေ PDF ထံ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက ဖမ်းဆီး ညှဉ်းပန်းပြီး သတင်းအစ ဖျောက်ထားပါသေးတယ်။

မန္တလေးမှာ စစ်အုပ်စုရဲ့ လက်နက်ပျောက်ဆုံးမုတွေ ယခင်ကလည်း ရှိခဲ့ဖူးပြီး ဇွန်လ (၂) ရက်ကလည်း မန္တလေး - မေမြို့လမ်း (၁၆)မိုင်ဂိတ်နားက စစ်အုပ်စု ကင်းစခန်းမှာ လက်နက်အချို့ ပျောက်ဆုံးခဲ့ပြီး အဲဒီတုန်းကလည်း လက်သည်တရားခံ ရှာမတွေ့ခဲ့ဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

သဲအိတ်တွေနဲ့ ပိတ်ကာထားတဲ့ အမရပူရ ရဲစခန်း/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်ကိုင်းတံတား #လက်နက်ပျောက်ဆုံ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ