စစ်ကိုင်းတိုင်း အရာတော်နယ်က ကျေးရွာကိုယ်ထူကိုယ်ထကျောင်းမှာ စာမေးပွဲ ဖြေဆို၊

စစ်ကိုင်းတိုင်း အရာတော်နယ်က ကျေးရွာကိုယ်ထူကိုယ်ထကျောင်းမှာ စာမေးပွဲ ဖြေဆို၊

MFP ၊ စက်တင်ဘာ - ၁၇

စစ်အုပ်စုက ရွာစဉ်ပတ်မွှေ သောင်းကျန်း သ-တ်-ဖြတ်နေလို့ စစ်ပြေးနေရပေမယ့် ကလေးတွေ ပညာသင်ကြားခွင့် ရရှိနိုင်ဖို့အတွက် စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားကြပါတယ်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က အိမ်ခြေ(၂၀၀)ကျော်ရှိတဲ့ ကျေးရွာမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ စာသင်ကျောင်း ဖွင့်လှစ်ထားပြီး အဲ့ဒီ ကျောင်းမှာ KG တန်းကနေ (၁၀)တန်းအထိ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ကျော် တက်ရောက် ပညာသင်ကြားနေကာ ဒေသခံ CDM ဆရာ၊ဆရာမတွေ၊ Volunteer (စေတနာ့ဝန်ထမ်း) တွေက သင်ကြားပေးနေပါတယ်။

ကလေးတွေ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ဖို့ ရပ်ရွာအတွင်း ညှိနှိုင်းကာ ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်ထားတာ ဖြစ်ပြီး စစ်အုပ်စု ကျေးရွာဘက် ဝင်မွှေချိန် ကျောင်းပိတ်ပြီး ထွက်ပြေးလိုက်၊ စစ်အုပ်စု ပြန်ထွက်သွားချိန် ကျောင်းပြန်ဖွင့်လိုက်နဲ့ ပညာသင်ကြားနေကြတာလို့ အရာတော်နယ် ကျေးရွာတစ်ရွာက ကိုယ်ထူကိုယ်ထကျောင်း အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် CDM အထက်တန်းပြ ဆရာတစ်ဦးက MFP ကို ပြောပါတယ်။

"စစ်ကြောင်းရှိတယ်‌တဲ့ဆိုရင် အဲ့နေ့ ကျောင်းမဖွင့်ဘူး။ တခါတလေ စာသင်နေတုန်း စစ်ကြောင်းရှိတယ်၊ လာပြီတဲ့ ဆိုရင် လွယ်အိတ်လေးတွေ ပိုက်ပြီး ပြေးကြရပေါ့။ ကျောင်းမှာတော့ အိမ်သာက အစ မရှိဘူး။ ကလေးတွေက ပညာသင်ချင်ကြတာမို့ ကိုယ်ထူ ကိုယ်ထ ဖွင့်ကြတာပါ” လို့ အဲ့ဒီ ဆရာက ရှင်းပြပါတယ်။

NUG ပညာရေးဘုတ်အဖွဲ့နှင့် ချိတ်ဆက်ကာ NUG ရဲ့ ကြားကာလ ပညာ‌ရေးစနစ်အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်အောင် ဆက်လက် ကြိုးစားမယ်လို့ CDM ဆရာက ပြောပါတယ်။

အရာတော်နယ် အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ် အများအပြားမှာ စစ်အုပ်စုက ဦးစီး ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေ မရှိဘဲ ကျေးရွာအများအပြားက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကျောင်းတွေ ဖွင့်လှစ် ထားကြတာပါ။

စစ်ကိုင်းတိုင်းက မြို့နယ်အားလုံး နီးပါးမှာ မြို့နယ်အဆင့် ကြားကာလ ပညာရေး ဘုတ်အဖွဲ့တွေ ဖွဲ့စည်းထားပြီး NUG ရဲ့ ကြားကာလ ပညာရေးစနစ်အတိုင်း ကျောင်းတွေ ဖွင့်လှစ်သင်ကြား နေကြပေမယ့် ကျေးရွာငယ်တချို့ကတော့ NUG ရဲ့ ကြားကာလ ပညာရေး စနစ်အတိုင်း မသင်ကြား နိုင်သေးဘဲ မြို့နယ် ပညာရေး ဘုတ်အဖွဲ့နဲ့ ချိတ်ဆက်နိုင်ဖိူ့ ကြိုးစားနေကြဆဲ အခြေအနေ ဖြစ်တယ်လို့ ဒေသခံ CDM ဆရာတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း အရာတော်နယ်က အိမ်ခြေ(၂၀၀)ကျော်ရှိတဲ့ ကျေးရွာတစ်ရွာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထကိုယ်ထကျောင်း စက်တင်ဘာ လပတ် စာမေးပွဲ ဖြေဆိုနေစဉ်/Photo – MFP

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #CDM #ကျောင်း #ပညာရေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ