မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်တဲ့ ကိုနောင်ထက်အောင် ထောင်တွင်းရိုက်နှက်ခံရတဲ့ဒဏ်ရာတွေ ဆေးကုသခွင့်မရဘူးလို့ ဗကသများအဖွဲ့ချုပ်ထုတ်ပြန်

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်တဲ့ ကိုနောင်ထက်အောင် ထောင်တွင်းရိုက်နှက်ခံရတဲ့ဒဏ်ရာတွေ ဆေးကုသခွင့်မရဘူးလို့ ဗကသများအဖွဲ့ချုပ်ထုတ်ပြန်

MFP ၊ ဩဂုတ် - ၁၁

မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြပွဲကို ဦးဆောင်တဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်း ကိုနောင်ထက်အောင်ဟာ ထောင်ထဲမှာ ရိုက်နှက်ခံရတာကြောင့် ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲ စတဲ့ဒဏ်ရာတွေ ဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရပေမယ့် စစ်အုပ်စုဘက်က ဆေးကုသခွင့်မပေးဘူးလို့ ဆိုပါတယ်။

ဘယ်နေ့ကရိုက်နှက်ခံရတဲ့ဒဏ်ရာတွေဆိုတာကို အသေးစိတ်ဖော်ပြမထားပေမယ့် ကိုနောင်ထက်အောင်ရဲ့ အခြေအနေဟာ ထောင်ထဲမှာ အလွန်ဆိုးဝါးစွာ ခံစားနေရတယ်လို့ ဗကသများအဖွဲ့ချုပ်က ဖော်ပြထားပါတယ်။

ရန်ကုန် အင်းစိန်အကျဉ်းထောင်က သေဒဏ်ပေးခံထားရတဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ဇူလိုင်လ (၂၄)ရက်မှာ ကြိုးပေးစီရင်လိုက်ပြီဆိုတဲ့ သတင်းထွက်ပေါ်ပြီးတဲ့နောက် ဩဂုတ်လ (၁)ရက်နေ့ကစပြီး မန္တလေး အိုးဘိုအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားအချို့က အစာအငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

အိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေဟာ သေဒဏ်ကျခံအကျဉ်းသားတွေကို အသက်ချမ်းသာပေးဖို့၊ အာဆီယံအဖွဲ့အစည်းက တောင်းဆိုထားတဲ့အတိုင်း နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ၊ သက်သေတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ အကျဉ်းသားတွေ ရပိုင်ခွင့် ထိန်းချုပ်ကန့်သတ်ထားတာကို ဖြေလျော့ပေးဖို့တို့ကိုလည်း တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထောင်တွင်းတရားစီရင်ရေးစနစ်ကို ဩဂုတ်လ (၁)ရက်နေ့ကစပြီး သပိတ်မှောက်နေတယ်လို့လည်း ထောင်ထဲက ထွက်ပေါ်လာတဲ့စာတစ်စောင်အရ သိရပါတယ်။

လက်ရှိ မန္တလေးအိုးဘိုအကျဉ်းထောင်ထဲမှာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား (၂၀)ဦးခန့်ရှိနေပြီး သူတို့ကို ဩဂုတ်လ (၂)ရက်စလို့ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ လည်ပင်းဆိုဒ်၊ ဆီးချိုသွေးချို စတာတွေ တိုင်းတာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အိုးဘိုအကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #နှိပ်စက်ညှင်းပန်း #အစာငတ်ခံတိုက်ပွဲဝင် #ကိုနောင်ထက်အောင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ