မြောင်နယ် ရွှေဘုံသာရွာထဲ စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့ပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်၊

မြောင်နယ် ရွှေဘုံသာရွာထဲ စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့ပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်၊

MFP ၊ အောက်တိုဘာ - ၁၉

စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ရွှေဘုံသာကျေးရွာထဲ ဝင်မွှေလုယက် ဓားပြတိုက် မီးရှို့တဲ့ ဖက်ဆစ်တပ်ဟာ ဒေသခံ ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီးနောက် ကျေးရွာအတွင်းမှ ငွေကျပ်(၁၈)သိန်းကျော်နဲ့ ဖုန်းနှစ်လုံး လုယက်သွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၉)ရက် မနက်(၅)နာရီကျော်မှာ စစ်အုပ်စုက မြောင်နယ်၊ ရွှေဘုံသာကျေးရွာထဲ ရွာအနောက်ခြမ်းက စတင်ဝင်ရောက်ကာ လုယက်၊ မီးရှို့ပြီးနောက် ဒေသခံပြည်သူ အသက်(၄၅)နှစ်အရွယ် ဦးမြင့်ဦး ကို သတ်-ဖြတ်သွားတာလို့ ဆိုပါတယ်။

"မြောင်နယ် ရွှေဘုံသာကျေးရွာမှာ အပြစ်မဲ့ပြည်သူ တစ်ဦးအား စစ်ခွေးများမှ သတ်ဖြတ်သွားခဲ့ ပြန်ပါပြီ။ ယနေ့နံနက် (၅)နာရီခန့်မှာ ကျောက်ရစ်စခန်းမှ စစ်ခွေးများဟာ ကျေးရွာကင်းများ သိမ်းချိန် အချိန်ကိုက် စောင့်ကာ ရွှေဘုံသာကျေးရွာ အတွင်းသို့ ပစ်ခတ်ဝင်ရောက် လာသဖြင့် ရုတ်တရက် ကြုံလိုက်ရ၍ ရွာသူ ရွာသားများအားလုံး ကိုယ်လွတ်ရုန်း ပြေးကြရပါတယ်။ ထိုအထဲတွင် ယခု သတ်ဖြတ်ခံလိုက်ရသူ ဦးမြင့်ဦး အသက်(၄၅)နှစ်ခန့်ဟာ လူပျိုကြီး တစ်ဦး ဖြစ်ပြီး လက်တစ်ဖက်မှာ ဓားစက်ခုံထိ၍ ဖြတ်ထားရကာ နားလည်း ကောင်းစွာ မကောင်းသူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ခွေးတွေဝင်လာချိန် လွတ်အောင်ပြေးချိန် ရခဲ့ပေမယ့် အသက်ကြီးပြီး ကျန်းမာရေး မကောင်းရှာသော အဖေအိုကြီးကို ပစ်မထားခဲ့ရက်၍ ဖခင်ရှိရာ အိမ်သို့အသွား အိမ်အဝင်ပေါက်နားမှာပင် စစ်ခွေးများရဲ့ ပစ်သတ်ခြင်း ခံလိုက်ရပါတယ်" လို့ မြောင် CDSOM ခေါင်းဆောင် ကိုနွေဦးက ဆိုပါတယ်။

စစ်အုပ်စုဟာ ရွှေဘုံသာရွာထဲက အိမ်တွေကို မီးရှို့ပြီးနောက် မွှေနှောက်ဖောက်ထွင်းကာ စုစုပေါင်း ငွေကျပ်(၁၈)သိန်းခွဲနှင့် ဖုန်းနှစ်လုံး လုယက်သွားတယ်လို့ ဆိုပါတယ်။

"ကာကွယ်ရေးအဖွဲ့များလည်း သတင်းရသည်နှင့် ချက်ခြင်း သွားကြပါသည်။ စစ်ခွေးများ ရွှေဘုံသာရွာမှ ကျောက်ရစ်စခန်းသို့အဝင် စော်ဘွားကြီးအဖွဲ့နှင့်အတူ မိုင်းနှစ်ကြိမ်ဆွဲခဲ့ရာ ထိခိုက်ရှိမရှိ မသိရသေးပါ။ စစ်ကိုင်းခရိုင် တပ်ရင်(၂)တပ်ခွဲ(၃)မှ (၄၀မမ) ဖြင့်ပစ်ခတ်ရာ နှစ်ကောင် ထိခိုက်မှု ရှိခဲ့ပါသည်။ PDF TALOKE နှင့်အတူ မြင်းခြံအဖွဲ့များမှ စစ်ကူရန် လာခဲ့ပေမယ့် ခွေးများမှ လမ်းကြောင်းပြောင်းကာ တက်သုတ်ရိုက် ပြန်သွားကြသဖြင့် ပြင်းထန်တိုက်ပွဲထိ မရောက်ခဲ့ဘဲ ပြန်လာခဲ့ကြပါသည်" လို့ မြောင် CDSOM က ဖော်ပြပါတယ်။

ရွှေဘုံသာရွာထဲ စစ်အုပ်စုက နေအိမ်တွေ မီးရှို့သွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ မသိရသေးပါ။

မြောင်မြို့နယ် ရွှေဘုံသာရွာက အသက်(၄၅)နှစ်အရွယ် ဦးမြင့်ဦးကို စစ်အုပ်စုက သတ်ဖြတ်သွားစဉ်/Photo - ကိုနွေဦး - မြောင်

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #ရွှေဘုံသာရွာ #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ