ကန့်ဘလူနယ်ထဲ ဖက်ဆစ်တပ် သောင်းကျန်းနေလို့ ပြည်သူတွေ ထွက်ပြေးနေရ၊

ကန့်ဘလူနယ်ထဲ ဖက်ဆစ်တပ် သောင်းကျန်းနေလို့ ပြည်သူတွေ ထွက်ပြေးနေရ၊

MFP ၊ အောက်တိုဘာ - ၄

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြောက်ခြမ်းက ဇော်ချောင်းရွာထဲ ဖက်ဆစ်တပ်က ဒီမနက် (၆)နာရီက စတင်ပြီး လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ကာ စီးနင်းဝင်မွှေ ဓားပြတိုက် လုယက်နေလို့ ဇော်ချောင်း၊ အလယ်ခုံ၊ သင်တောနှင့် လွင်ကြီး စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၄)ရက် မနက်(၆)နာရီက စတင်ပြီး ကန့်ဘလူမြို့နယ် မြောက်ခြမ်း၊ ချပ်ကုန်းရွာက ဖက်ဆစ်တပ် အင်အား (၆၀)ကျော်က ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဝင်မွှေ ဓားပြတိုက် သောင်းကျန်းနေတာကြောင့် ပြည်သူတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

“ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ချပ်ကုန်းရွာမှ စခအင်အား (၆၀)ကျော်သည် ဇော်ချောင်းရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်သဖြင့် ဇော်ချောင်းရွာ၊ အလယ်ခုံရွာ၊ သင်တောရွာနှင့် လွင်ကြီးရွာမှ အပြစ်မဲ့ ပြည်သူများ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရသည်” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြပါတယ်။

ဖက်ဆစ်တပ်ဟာ ကန့်ဘလူနယ်ထဲ ထင်တိုင်းကျဲ လုယက် သောင်းကျန်း မီးရှို့နေပြီး စက်တင်ဘာ(၃၀)ရက်က ကန့်ဘလူမြို့နယ် အရှေ့ဘက်ခြမ်းက ဥသျှစ်ကုန်းရွာထဲ ဖက်ဆစ်တပ် အင်အား(၇၀)ကျော်နဲ့ ဝင်မွှေလုယက် ဓားပြတိုက်ကာ မီးရှို့ဖျက်ဆီးလို့ နေအိမ် ခုနှစ်လုံး မီးလောင်ပြာကျခဲ့သလို ကိုးတောင်ဘို့ တိုက်နယ်ထဲ စီးနင်းအထိုင်ချနေတဲ့ ဖက်ဆစ်တပ် အင်အား (၆၀)ကျော်က လျှော်ဖြူကုန်းနှင့် ဇီးကနားရွာတွေထဲ ဝင်မွှေလုယက် ဓားပြတိုက်ပြီး မီးရှို့ဖျက်ဆီးလို့ လျှော်ဖြူကုန်းရွာက အိမ်သုံးလုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ လျှောက်ဖြူကုန်းနှင့် ဇီးကနားရွာကို လွန်ခဲ့တဲ့ ရက်တွေကလည်း စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးခဲ့ပြီး ယခု ဒုတိယအကြိမ် ထပ်မံ လုယက်ဖျက်ဆီးတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖက်ဆစ်တပ်ဟာ အောက်တိုဘာ(၁)ရက်မှာလည်း ရွာမီးရှို့ခံရလို့ တောတောင်ယာခင်းထဲ ထွက်ပြေးနေရတဲ့ ကိုးထောင်ဘို့၊ ဇီးကနားနှင့် လျှော်ဖြူကုန်း ရွာတွေက စစ်ပြေးပြည်သူတွေရဲ့ တဲအိမ်တွေကိုလည်း လိုက်လံ မီးရှို့ဖျက်ဆီးနေလို့ ပြည်သူတွေ ထပ်မံ ထွက်ပြေးနေရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြပါတယ်။

ဖက်ဆစ်တပ်ဟာ ကန့်ဘလူနယ် အပါအဝင် စစ်ကိုင်းတိုင်းက မြို့၊ရွာ အများအပြားကို ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်ထားပြီး ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဖက်ဆစ်တပ် သောင်းကျန်းနေလို့ ထွက်ပြေးနေရတဲ့ ကန့်ဘလူမြို့နယ် မြောက်ခြမ်း ဇော်ချောင်း၊ အလယ်ခုံ၊ သင်တောနှင့် လွင်ကြီး စတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူများ/Photo - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ကျွန်းလှ #ပြည်သူ #စစ်ပြေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ