၀မ်းတွင်းမှာ စစ်ကောင်စီ သစ္စာခံ မြို့နယ်အုပ်ကြီးနဲ့ စခန်းမှူး အသတ်ခံရပြီးနောက် ဒေသခံပြည်သူ (၁၀၀)ခန့် ဖမ်းဆီးခံရ၊ စစ်အုပ်စုက နေ့စဉ် Target ပြည့်အောင် ဖမ်းပြီးငွေညှစ်နေလို့ ပြည်သူတွေ ကြောက်လန့်နေရ၊

၀မ်းတွင်းမှာ စစ်ကောင်စီ သစ္စာခံ မြို့နယ်အုပ်ကြီးနဲ့ စခန်းမှူး အသတ်ခံရပြီးနောက် ဒေသခံပြည်သူ (၁၀၀)ခန့် ဖမ်းဆီးခံရ၊ စစ်အုပ်စုက နေ့စဉ် Target ပြည့်အောင် ဖမ်းပြီးငွေညှစ်နေလို့ ပြည်သူတွေ ကြောက်လန့်နေရ၊

MFP ၊ အောက်တိုဘာ - ၂၅

မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့က စစ်ကောင်စီ သစ္စာခံ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်မိုးဦးနှင့် စခန်းမှူး ရဲအုပ် စောနိုင်ဦးတို့ကို တော်လှန်ရေးအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ပြီးနောက် စစ်အုပ်စုက ဒေသခံ အရပ်သားပြည်သူတွေကို ထင်တိုင်းကျဲ ဖမ်းဆီးငွေညှစ် သောင်းကျန်းနေပြီး စုစုပေါင်း ပြည်သူ(၁၀၀)ဦး ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ဆက်သွယ် ပြောဆိုပါတယ်။

အောက်တိုဘာ(၉)ရက်နှင့် (၁၇)ရက်တွေမှာ စစ်ကောင်စီ သ္စစာခံ ဝမ်းတွင်းမြို့နယ် ယာယီစခန်းမှူး ရဲအုပ် စောနိုင်ဦးနှင့် ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်မိုးဦးတို့ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေး အင်အားစု - WTRF က တရားဝင် ထုတ်ပြန်ထားပါတယ်။

တရားဝင် သတင်းထုတ်ပြန်ထားတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကို မိအောင် မဖမ်းနိုင်တဲ့ စစ်အုပ်စုက ဒေသခံ အရပ်သားပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး၊ ငွေညှစ်၊ လက်နက်ပြ မိုက်ကြေးခွဲ ရန်ပြု သောင်းကျန်းနေတာလို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ (၂၅) ရက်အထိ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ (၉၀)ခန့် ရှိနေပြီး NLD ပါတီနဲ့ ဆက်နွယ်သူတွေကို ရွေးဖမ်းကာ ညှဉ်းပန်းပြီးနောက် တစ်ဦးကို အများဆုံး ကျပ်သိန်း(၂၀)အထိ ငွေပေးကာ ပြန်ရွေးထုတ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ အုပ်ချုပ်ရေးမှူး ကျော်မိုးဦးနဲ့ ယာယီစခန်းမှူး ဗိုလ်စော အသတ်ခံရပြီးနောက်ပိုင်း အဖမ်းခံရတာ (၉၀) လောက်ရှိနေပြီ။ တစ်ချို့ကတော့ လေးသိန်း၊ ငါးသိန်း ပေးပြီး လွတ်လာကြပြီ။ NLD အမာခံတွေကိုပဲ ရွေးပြီး ဖမ်းတယ်၊ ပိုက်ဆံရှိရင် ရှိသလို ငွေအများကြီး ပေးရတယ်၊ တစ်ချို့ဆို (၁၉)သိန်း။ အပြစ်မဲ့ ပြည်သူတွေကို အကြောင်းပြချက် အမျိုးမျိုးနဲ့ အကုန်ဖမ်းတာ၊ သဲလွန်စမရရင် ငွေရမယ်ဆိုပြီး လုပ်နေတာ၊ တစ်ရက်ကို ပျမ်းမျှ ခုနှစ်ယောက်နှုန်း ဖမ်းပါတယ် “ လို့ ဝမ်းတွင်းဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် အမျိုးသားဆိုရင် ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တာ တစ်ခုခုတွေ့ရင် နေရာမှာပဲ လက်ပြန်ကြိုးတုတ် ရိုက်နှက်ပြီး ဖုန်းထဲက နံပါတ်တွေကို တစ်ယောက်ချင်း ခေါ်ခိုင်းတာမျိုးတွေ လုပ်ဆောင်ကာ လူငယ်အချို့ကို စစ်ကြောရေးအထိ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတို့က ဆိုကြပါတယ်။

“ တချို့ အပြစ်မရှိတဲ့သူတွေ ယောက်ျားလေးတွေဆို ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သတ်တာ တစ်ခုခုတွေ့လိုက်တာနဲ့ အဲ့ကလေးကို နေရာတင် လက်ပြန်ကြိုးတုတ်ပြီး ရိုက်တာ။ ပြီးရင် ဖုန်းထဲမှာရှိတဲ့နံပါတ်အကုန်ခေါ်ပြီး တစ်ယောက်ချင်း ခေါ်ခိုင်းတာ၊ တချို့တွေဆို စစ်ကြောရေးထိ ရောက်သွားကြတယ်။ ကျွန်တော်တို့ သတင်းရသလောက်တော့ ရှစ်ယောက်လောက် စစ်ကြောရေးကို ရောက်တယ်။ တချို့ အဖမ်းခံရတဲ့သူတွေကို ကျွန်တော်တို့ တိတိကျကျ သတင်းရတယ်၊ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောလို့မရဘူး၊ သတင်းမှာ ပါလာတာနဲ့ အဖမ်းခံရတဲ့သူတွေမှာ ပိုပြီးနာပါတယ်။ အဲဒါကြောင့် ရွာ၊ လူနာမည် တိတိကျကျ မပြောတာ နားလည်ပေးပါ “ လို့ ဝမ်းတွင်းဒေသခံက ရှင်းပြပါတယ်။

ဝမ်းတွင်းမြို့ အဝင်အထွက်တွေ၊ လမ်းဆုံလမ်းခွတွေ၊ ဈေးတွေမှာလည်း စစ်အုပ်စုက လာသမျှပြည်သူကို ဖမ်းဆီးငွေညှစ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲ သောင်းကျန်းနေလို့ မြို့ခံပြည်သူတွေ ကြောက်လန်ပနေရပြီး အဝေးပြေးလမ်းတွေ အပါအဝင် ဝမ်းတွင်းနယ်ထဲ ဖြတ်သန်းသွားလာမယ့် အများပြည်သူ အနေနဲ့ အထူး သတိထားကြဖို့ ဝမ်းတွင်းဒေသခံတွေက တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၉) ရက်မှာ ဝမ်းတွင်းရဲစခန်း ယာယီစခန်းမှူးအဖြစ် စကစခန့်ထားတဲ့ နယ်ထိန်းခေါင်းဆောင် ရဲအုပ်စောနိုင်ဦး (ခ) ဗိုလ်စော ကို ကားမောင်းနေချိန် သုတ်သင်ရှင်းလင်းခဲ့သလို အောက်တိုဘာ (၁၇)ရက်ကလည်း ထမင်းဆိုင်မှာ စားသောက်နေတဲ့ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်မိုးဦးကို သုတ်သင် ရှင်းလင်းခဲ့တယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) က ထုတ်ပြန်ထားပါတယ်။

သုတ်သင်ရှင်းလင်းခံထားရတဲ့ စစ်ကောင်စီ သစ္စာခံ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်မိုးဦး/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝမ်းတွင်း #ဒေသခံတွေကိုဖမ်းဆီးငွေညှစ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ