မန္တလေး မြစ်ငယ် မီးရထားရုံက ရုံးအုပ်ကြီးဟာ NUG က အမည်ပျက် စာရင်းသွင်းပြီး ဝန်ထမ်းက ထုတ်ပယ် ထားသူဖြစ်၊ စစ်အုပ်စုနဲ့ ပေါင်းကာ CDM တွေကို ဖိနှိပ်နေလို့ ပစ်ခတ်ရှင်းလင်းတာလို့ မြစ်ငယ် MN PDF ထုတ်ပြန်၊

မန္တလေး မြစ်ငယ် မီးရထားရုံက ရုံးအုပ်ကြီးဟာ NUG က အမည်ပျက် စာရင်းသွင်းပြီး ဝန်ထမ်းက ထုတ်ပယ် ထားသူဖြစ်၊ စစ်အုပ်စုနဲ့ ပေါင်းကာ CDM တွေကို ဖိနှိပ်နေလို့ ပစ်ခတ်ရှင်းလင်းတာလို့ မြစ်ငယ် MN PDF ထုတ်ပြန်၊

MFP ၊ စက်တင်ဘာ - ၁၆

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ မီးရထားစက်ရုံ အထွေထွေမန်နေဂျာရုံးက ရုံးအုပ်ကြီး ဖြစ်သူ ဒေါ်ကြူကြူစန်းဟာ စစ်အုပ်စုနှင့် ပေါင်းကာ CDM တွေကို ဖိနှိပ်နေသူမို့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ မြစ်ငယ် MN PDF မြို့ပြ အထူးပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

မနေ့က စက်တင်ဘာ(၁၆)ရက် ညနေ(၅)နာရီကျော်က အမရပူရမြို့နယ်၊ စာတိုး စက်ကွေ့ရပ်ကွက်မှာ နေထိုင်ပြီး မြစ်ငယ်မြို့၊ မြန်မာ့မီးရထားစက်ရုံ၊ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ၊ အထွေထွေမန်နေဂျာရုံးမှာ ရုံးအုပ်ကြီးအဖြစ် လုပ်ကိုင်နေတဲ့ အသက်(၅၀)ကျော်အရွယ် ဒေါ်ကြူကြူစန်းဆိုသူ နေအိမ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သေဆုံးသူ မီးရထားရုံ ရုံးအုပ်ကြီးဟာ စစ်အုပ်စုနှင့် ပေါင်းပြီး CDM တွေကို ဖိနှိပ်နေသူ ဖြစ်သလို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဝန်ကြီးဌာနက အမည်ပျက်စာရင်း သွင်းကာ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခံထားရသူလည်း ဖြစ်တယ်လို့ မြစ်ငယ် MN PDF က ဆိုပါတယ်။

“လူစီးတွဲ နှင့် ကုန်တွဲစက်ရုံ မြစ်ငယ်မြို့ ဒေါ်ကြူကြူစန်း ရုံအုပ် (အထွေထွေမန်နေဂျာရုံး) သည် ပြည်သူနဲ့အတူ အမှန်တရားအတွက် ရပ်တည်ထားပြီး CDM ပြုလုပ်ထားသော ဝန်ထမ်းများကို စကစ စက်ယန္တရား လုပ်ငန်း လည်ပတ်နိုင်ရင်အတွက် CDM ဝန်ထမ်းများအား လုပ်ငန်းဆင်းရန် အမျိုးမျိုးဖိအားပေး စခ တို့အကြိုက် ဝန်ထမ်းများကို အမျိုးမျိုး ဒုက္ခပေး‌နေပြီး စက်ရုံထဲတွင်လည်း မင်းမူနေသောကြောင့် နှုတ်ခမ်းနီနှစ်‌တောင့်ဖြင့် ယမမင်းထံ ခစားရန် အရောက်ပို့ပေးလိုက်သည်။ အမျိုးသား ညီညွှတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန အမည်ပျတ်စာရင်း ကြောညာခြင်းနှင် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း ခံထားရသူ တစ်ဦး” လို့ MN PDF (မြစ်ငယ်) မြို့ပြ အထူးပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

ဒေါ်ကြူကြူစန်းဟာ မနေ့က ဒီညနေပိုင်း ခင်ပွန်းဖြစ်သူနှင့်အတူ စက်ရုံကနေ ဆိုင်ကယ်နဲ့ အိမ်ပြန်လာချိန် အိမ်ရှေ့မှာ ဆိုင်ကယ်တစ်စီးနဲ့ ကြိုတင်ရောက်နှင့်တဲ့ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်လို့ နောက်စေ့မှာ သေနတ်မှန် ဒဏ်ရာရပြီး သေဆုံးသွားတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မီးရထားဝန်ထမ်းမြို့ ဖြစ်တဲ့ မြစ်ငယ်မြို့မှာ စစ်အာဏာသိမ်းပြီးနောက် CDM ဝင်တဲ့ ဝန်ထမ်းတွေကို စစ်အုပ်စုက ထင်တိုင်းကျဲ ဖိနှိပ်နေပြီး CDM ဝန်ထမ်းတွေကို အကြောင်းပြုကာ စစ်အုပ်စုက မြစ်ငယ်မြို့ကို မြို့ပျက်သည်အထိ ဖျက်ဆီးခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြစ်ငယ် #CDM #မီးရထားဝန်ထမ်း #ရုံးအုပ်ကြီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ