ပေါက်ကွဲစေတဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမူ အများဆုံးနိုင်ငံတွေထဲ မြန်မာ ပါဝင်၊

ပေါက်ကွဲစေတဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမူ အများဆုံးနိုင်ငံတွေထဲ မြန်မာ ပါဝင်၊

MFP ၊ သြဂုတ် - ၃၀

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်၊ ယူကရိန်း၊ ဆီရီးယား၊ အီသီယိုပီးယားနှင့် နိုက်ဂျီးရီးယား နိုင်ငံတွေနှင့်အတူ ပေါက်ကွဲစေတဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမူ အများဆုံး ခြောက်နိုင်ငံစာရင်းမှာ ပါဝင်နေတယ်လို့ Explosive Weapons Monitor က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံထဲမှာမှ စစ်ကိုင်းတိုင်းဟာ ပေါက်ကွဲစေတဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမူ အများဆုံး ဒေသ ဖြစ်တယ်လို့ Explosive Weapons Monitor က ဖော်ပြပါတယ်။

Explosive Weapons Monitor ဆိုတာဟာ ကမ္ဘာတဝန်း ပေါက်ကွဲစေတဲ့ စစ်လက်နက် ပစ္စည်းတွေကို အရပ်သားပြည်သူနှင့် သက်ဆိုင်တဲ့ နေရာတွေမှာ အသုံးပြုမူ၊ အန္တရာယ်ရှိမှုတွေနှင့် ပတ်သတ်ပြီး စောင်ကြည့်သုတေသန ပြုလုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့က ယခု ၂၀၂၂ ဇွန်လအတွင်း စောင့်ကြည့်မှုတွေကို အထက်ပါအတိုင်း တွက်ချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၂ ဇွန်လ တစ်လတည်းမှာပဲ ပေါက်ကွဲစေတဲ့ စစ်လက်နက်ပစ္စည်းတွေ အသုံးပြုမူကြောင့် ထိခိုက်သေဆုံးမူ ဖြစ်စဉ်(၅၅)ခုကို မှတ်တမ်း ရယူနိင်ခဲ့တယ်လို့ Explosive Weapons Monitor က ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်တွေအနက် ဖြစ်စဉ်(၂၆)ခုမှာ အရပ်သား (၂၄)ဦး သေဆုံးပြီး (၄၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အရပ်သား ထိခိုက်သေဆုံးမူတေါထဲမှာ ကလေးသူငယ် အနည်းဆုံး ကိုးဦး ပါဝင်ပြီး (၂၃)ဦးဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် (၅၅)ခုကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း (၂၉၆)ဦး ရှိခဲ့ပြီး လက်နက်ကိုင် (၁၉၁)ဦး သေဆုံးကာ (၃၈)ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဇွန်လအတွင်း ပေါက်ကွဲစေတဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် အရပ်သားသေဆုံးမှုဟာ သေဆုံးသူ စုစုပေါင်းရဲ့ (၂၃)ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဖော်ပြပါတယ်။

ပေါက်ကွဲစေတဲ့ စစ်လက်နက်ပစ္စည်း အသုံးပြုမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဖြစ်စဉ်တွေမှာ (၉၃)ရာခိုင်နှုန်းဟာ အများပြည်သူဆိုင်ရာ နေရာတွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး (၆၂)ဦး ထိခိုက် သေဆုံးခဲ့ပါတယ်။ အတိအကျဆိုရသော် ပေါက်ကွဲမှု ဖြစ်စဉ်တွေရဲ့ (၆၃)ရာခိုင်နှုန်းဟာ ကျေးရွာတွေအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး (၄၃)ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသ လူနေဧရိယာတွေ၊ ယာယီစခန်းချ နေထိုင်ရာနေရာတွေ၊ တောင်ယာလုပ်ငန်းခွင်တွေ၊ ဘာသာရေးနှင့်သက်ဆိုင်ရာ နေရာတွေမှာလည်း စစ်လက်နက်ပစ္စည်း အသုံးပြုမူကြောင့် ထိခိုက်သေဆုံးမူတွေ ရှိခဲ့ပါတယ်။

၂၀၂၂ ဇွန်လ မှတ်တမ်းတွေအရ ပေါက်ကွဲစေနိင်တဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အများဆုံးဟာ စစ်ကိုင်းတိုင်း ဖြစ်ပြီး စုစုပေါင်း (၂၇)ဦး ထိခိုက်သေဆုံးခဲ့ကာ ကရင်ပြည်နယ်က ဒုတိယ အများဆုံးအဖြစ် ခုနှစ်ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။ ချင်း၊ ရှမ်း၊ ပဲခူး၊ ရခိုင်၊ ကချင်၊ ရန်ကုန်၊ မွန်နှင့် မကွေးစတဲ့ တိုင်းနှင့်ပြည်နယ်တွေမှာလည်း အရပ်သားထိခိုက်သေဆုံးမူတွေ ဖြစ်ပွားခဲ့တယ်လို့ Explosive Weapons Monitor က ဆိုပါတယ်။

အဲ့ဒီ တစ်လအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အရပ်သား ထိခိုက်သေဆုံးမူ ဖြစ်စဉ်တွေရဲ့ (၇၉)ရာခိုင်နှုန်းဟာ အာဏာသိမ်းစစ်တပ်ကြောင့် ဖြစ်ပြီး (၅၃)ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။ ထိခိုက်သေဆုံးမှု ဖြစ်စဉ်တွေရဲ့ တစ်ရာခိုင်နှုန်းဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေမှာ တာဝန်ရှိပြီး အခြားဖြစ်စဉ်တွေ ကတော့ စစ်တပ် မဟုတ်တဲ့ အမည်မသိ အခြား လက်နက်ကိုင်တွေကြောင့် ဖြစ်တာလို့လည်း Explosive Weapons Monitor က ဖော်ပြပါတယ်။

အရပ်သား ထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်တွေရဲ့ (၈၁)ရာခိုင်နှုန်းဟာ လက်နက်ကြီးနှင့် မော်တာ လိုမျိုး မြေပြင်ကနေ ပစ်ခတ်တဲ့ လက်နက်တွေကြောင့် ဖြစ်ပြီး (၅၄)ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။ ဇွန်လအတွင်း အရပ်သား ထိခိုက်မူအများဆုံး ဖြစ်စဉ်ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်ရပ်ကွက်ထဲ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ခုနှစ်ဦး ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

အနှစ်ချုပ်အားဖြင့် ၂၀၂၂ ဇွန်လမှာ ပေါက်ကွဲစေတဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် မြန်မာနိုင်ငံတွင်း အရပ်သား ထိခိုက်သေဆုံးမူ ယခင်လတွေထက် မြင့်တက်လာပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် ပစ္စည်းတွေကို အရပ်သားဧရိယာတွေမှာ အသုံးပြုတာ ရှောင်ကြဉ်ဖို့ လိုပြီး ဒေသခံတွေ အနေနဲ့လည်း မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် ပစ္စည်းတွေရဲ့ အန္တရာယ်ကို အထူးအလေးထား ကာကွယ်ဖို့ လိုအပ်နေပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ် လက်ပံတောင်းတောင် ဒေသမှာ လူသွားလမ်းတွေအနီး စစ်အုပ်စုက ထောင်ထားတဲ့ မိုင်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့စဉ်/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပေါက်ကွဲစေတတ်တဲ့စစ်လက်နက်ပစ္စည်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ