မန္တလေးမြို့ပေါ်က ဓာတ်ဆီဆိုင်တွေ ငါးနာရီအတွင်း ပြည်သူတွေကို ဆီအလုံအလောက် ရောင်းချပေးဖို့ MDY-PDF သတိပေး

မန္တလေးမြို့ပေါ်က ဓာတ်ဆီဆိုင်တွေ ငါးနာရီအတွင်း ပြည်သူတွေကို ဆီအလုံအလောက် ရောင်းချပေးဖို့ MDY-PDF သတိပေး

MFP ၊ ဩဂုတ် - ၁၃

မန္တလေးမြို့ပေါ်က ဓာတ်ဆီအရောင်းဆိုင်တွေအနေနဲ့ ငါးနာရီအတွင်း ပြည်သူတွေကို ဆီအလုံအလောက် ရောင်းချပေးဖို့ ဗိုလ်နက္ခတ်ရဲ့ MDY-PDF က ဒီနေ့ ဩဂုတ်လ (၁၃)ရက် ညနေ သုံးနာရီခွဲအချိန်လောက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

စစ်အုပ်စု၏မတရားအာဏာသိမ်းမှူကြောင့်ပြည်သူများ စီးပွားရေး ကျန်းမာရေး ပညာရေး အစစအရာရာ ဒုက္ခရောက်နေချိန်တွင် ပြည်သူလူထု၏အခက်ခဲကိုမစာနာပဲ ဝိသမာလောဘတတ်၍ရောင်းချနေသော ဆီဆိုင်များနှင့် ဆီဈေးကွက်ကိုကစားနေသော စစ်ကောင်စီထောက်တိုင်ဆိုင်များ(ဥပမာ။။Denko နှင့် Boc)အားနောက်ဆုံးကြိမ်သတိပေးချက်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ BOC နဲ့ DenKo ဆိုင်တွေဟာ စကစရဲ့ထောက်တိုင်တွေဖြစ်‌သလို လက်ရှိဈေးကွက်ကစားရာမှာလဲ ပါ၀င်နေလို့ပါ၊ လက်ရှိဆိုရင်လည်း တစ်မြို့လုံး သူတို့ဆိုင်တွေနဲ့ 360 ဆိုင်တစ်ချို့သာ ဆီရတာကို သိပြီးဖြစ်မှာပါ “ လို့ MDY-PDF ခေါင်းဆောင် ဗိုလ်နက္ခတ်က ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ စက်သုံးဆီအခက်အခဲကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြပြီး ဘယ်အကြောင်းကြောင့်ပဲ ဆီပြတ်လပ်တဖြစ်စေ၊ အဲဒီပြဿနာကို ဖြေရှင်းဖို့ မန္တလေးမြို့က ဆီဆိုင်အားလုံးကို အချိန် (၅)နာရီပေးပြီး ဆီလိုသလောက် ရနေတာကို မြင်ချင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ယခုမှစ၍ ဆီဆိုင်အားလုံး 5နာရီပိတ်နိုင်သည်၊ ဆီဆိုင်များတွင် လက်ရှိဆီတန်းနေသော ပြည်သူများ အား ဆီပြန်လည် ရောင်းချပေးပါရန် သတိပေးလိုက်ပါသည်။ (Denko နှင့် BOC ဆိုင်များချက်ချင်းပိတ်ရန်) “ လို့ ဆက်လက်ဖော်ပြထားပါတယ်။

စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုနဲ့ အလုံအလောက် မရမှုတွေကြောင့် အခြေခံလူတန်းစားတွေ ပိုမိုထိခိုက်တယ်လို့

မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

(ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့ BOC ဆိုင်မှာ ဆီတန်းနေကြတဲ့ ပြည်သူတွေ)

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စက်သုံးဆီ #ဆီပြတ်လပ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ