တန့်ဆည် ဆင်ငယ်ရွာထဲ ဝင်မွှေမီးရှို့ပြီး ပြည်သူတွေကို ပျူသင်တန်းတက်ဖို့ အကြပ်ကိုင် ခြိမ်းခြောက်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊

တန့်ဆည် ဆင်ငယ်ရွာထဲ ဝင်မွှေမီးရှို့ပြီး ပြည်သူတွေကို ပျူသင်တန်းတက်ဖို့ အကြပ်ကိုင် ခြိမ်းခြောက်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊

MFP၊ အောက်တိုဘာ - ၁၄

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာထဲ ဝင်မွှေလုယက် မီးရှို့ပြီး ဒေသခံတွေကို ပျူသင်တန်းတက်ဖို့ အကြပ်ကိုင် ခြိမ်းခြောက်နေတဲ့ စစ်အုပ်စုကို မနေ့ညပိုင်းက နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စကစတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ တန့်ဆည်နယ်၊ ကပေါင်းကျ Guerrilla Warfare KPK တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ (၁၃)ရက် မနေ့က ည(၉)နာရီခွဲက ဆင်ငယ်ရွာထဲ ပျူသင်တန်း ပေးဖို့လုပ်နေတဲ့ စစ်အုပ်စုကို KPK တပ်ဖွဲ့နှင့် PLA တပ်တို့ပူးပေါင်းပြီး (၈၁)မမ စိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ည(၁၁)နာရီလောက်မှာလည်း ဆင်ငယ်ရွာကနေ ကျွန်းတောကုန်းရွာဘက် ဝင်မွှေလုယက်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို KPK တပ်ဖွဲ့က တိုက်မိုင်း၊ ပဒေသာမိုင်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း စကစတွေ ထိခိုက်သေဆုံးတာ ရှိနိုင်ပေမယ့် အရေအတွက် အတိအကျ မသိရသေးဘဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ Guerrilla Warfare - KPK တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ မနေ့က ညပိုင်း တန့်ဆည်နယ် ကျွန်းတောကုန်းရွာဘက်ကို တစ်ဖွဲ့၊ အင်ကုက္ကားရွာဘက်ကို တစ်ဖွဲ့ ဝင်မွှေလုယက် ဓားပြတိုက် သောင်းကျန်းနေလို့ ထောင်ချီတဲ့ ဒေသခံပြည်သူတွေ ညအချိန် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်နယ် ဆင်ငယ်ကျေးရွာထဲကို အနီးအနား အင်္ကုက္ကားရွာက ပျူတွေက စီးနင်းသိမ်းပိုက်လိုက်တာ ဖြစ်ပြီး ပျူသင်တန်းမတက်တဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တန့်ဆည်နယ်က အင်္ကုက္ကား၊ ပျဉ်ထောင်၊ ကျွန်းလည် စတဲ့ ရွာတွေမှာ စစ်ကောင်စီ လက်ပါးစေ ပျူတွေ ကြီးစိုးထားပြီး လက်ရှိမှာ စစ်အုပ်စုနှင့် ပျူတွေက အနီးဝန်းကျင် ရွာတွေကိုပါ စီးနင်းသိမ်းပိုက်ပြီး ဒေသခံတွေကို မဖြစ်မနေ ပျူသင်တန်း တက်ခိုင်းတာ၊ ပျူအဖွဲ့ထဲ မဝင်သူတွေကို သတ်ဖြတ်တာ၊ အိမ်မီးရှို့တာ၊ ရွာမှာ ဆက်မနေနိုင်အောင် ခြိမ်းခြောက် အကြပ်ကိုင် ညှဉ်းပန်း သတ်ဖြတ်တာတွေ လုပ်နေပြီး ပျူအဖွဲ့ထဲ မဝင်သူတွေကို လူသားဒိုင်းကာသဘောမျိုး ပျူစခန်းဘေးမှ ထားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်နယ်ထဲ စစ်အုပ်စု သောင်းကျန်းနေလို့ ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူတချို့ (ပုံဟောင်း)/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #အိမ် #မီးရှို့ #ဆင်ငယ်ရွာ #ပျူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ