မန္တလေးမှာ စစ်အုပ်စုက သုံးရက်အတွင်း ဒေသခံ (၁၆) ဦးထက်မနည်းကို အကြမ်းဖက် ဖမ်းဆီး၊ မန္တလေး UG ရဲဘော်တစ်ဦး အဖမ်းခံထားရလို့ ဆက်စပ်သူတွေ တိမ်းရှောင်ကြဖို့ MDY-PDF အသိပေး၊

မန္တလေးမှာ စစ်အုပ်စုက သုံးရက်အတွင်း ဒေသခံ (၁၆) ဦးထက်မနည်းကို အကြမ်းဖက် ဖမ်းဆီး၊ မန္တလေး UG ရဲဘော်တစ်ဦး အဖမ်းခံထားရလို့ ဆက်စပ်သူတွေ တိမ်းရှောင်ကြဖို့ MDY-PDF အသိပေး၊

MFP ၊ စက်တင်ဘာ - ၂၆

မန္တလေးမြို့မှာ ဒေသခံတွေကို ဥပဒေမဲ့ ဖမ်းဆီးငွေညှစ်ပြီး ညှဉ်းပန်းသတ်-ဖြတ်နေတဲ့ စစ်အုပ်စုက ယခုရက်ပိုင်း သုံးရက်အတွင်း ဒေသခံ လူငယ် (၁၆) ဦးထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာ(၂၄)ရက်က မန္တလေး မြို့ပြပြောက်ကျား MDY-PDF နှင့် ဆက်စပ်တယ်ဆိုပြီး ကိုဆိတ်(ခ) ကိုအောင်ကိုလတ်ကို စစ်အုပ်စုက လိမ်ညာ အကူအညီ တောင်းကာ ထောင်ဖမ်းသွားကြောင်းနှင့် ကိုဆိတ်နှင့် ဆက်စပ်သူတွေ ရှောင်တိမ်းကြဖို့လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် မန္တလေးခရိုင် တပ်ရင်း(၃) - MDY-PDF က အရေးပေါ် သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ (၂၄)ကနေ ဒီကနေ့အထိ သုံးရက်အတွင်း စစ်အုပ်စုက အကြမ်းဖက် ဖမ်းဆီးသွားသူ (၁၆)ဦးအနက် အများစုဟာ လာဖမ်းသူကို မတွေ့လို့ မိသားစုဝင်တွေကို စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးတာတွေ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စက်တင်ဘာ(၂၄)ရက်က ကိုဆိတ်ကို ဖမ်းသွားပြီးနောက် မနေ့က စက်တင်ဘာ(၂၅)မှာ မန္တလေးမြို့ပေါ်က ပြည်သူ ငါးဦးကို စစ်အုပ်စုက ဆက်လက် ဖမ်းဆီးသွားတယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့ သိရတာက ဦးကျားကြီးဝင်း ထဲက အိမ်တစ်အိမ်ကို လာရှာတာ၊ သားကို မတွေ့လို့ ကျန်တဲ့ အမေနဲ့ ညီမကို ဖမ်းသွားတယ်လို့ ကြားတယ် “ လို့ မဟာအောင်မြေမြို့နယ်၊ (၈၄)လမ်းနှင့် (၃၄)လမ်းအနီး၊ ဦးကျားကြီးဝင်းထဲက ဒေသခံတွေကို မနေ့က စက်တင်ဘာ(၂၅)ရက်မှာ စစ်အုပ်စုက အင်အားသုံး အကြမ်းဖက် ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် မနေ့က ပုသိမ်ကြီးမြို့နယ် သပြုရွာက လူငယ် နှစ်ဦးကိုလည်း စစ်အုပ်စုက အကြမ်းဖက် ဖမ်းဆီးပြီး အဲ့ဒီ လူငယ်တွေထံက လက်နက်တွေ့တယ်လို့ သတင်းလွှင့်သွားသလို ဆက်စပ်သူတွေဆိုပြီး ဒီနေ့ ကျွဲနဖားရွာထဲ ဝင်မွှေလုယက် သောင်းကျန်းကာ နောက်ထပ် ဒေသခံ ခြောက်ဦးကိုပါ ထပ်မံဖမ်းဆီးသွားတယ်လို့ ပုသိမ်ကြီး ကင်းထောက်အဖွဲ့ ပုသိမ်ကြီး အင်ဖော်မေးရှင်းက ဖော်ပြပါတယ်။

အလားတူ ဒီနေ့ စက်တင်ဘာ (၂၆) ရက် နေပလည်ပိုင်းမှာလည်း ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့အဝင် (၇၄) လမ်းဘက်မှာလည်း ဆိုင်ကယ်စီး သွားလာနေတဲ့ လူငယ်နှစ်ဦးကို စစ်အုပ်စုက အိမ်စီးကား ငါးစီးနဲ့ ပိတ်ဆို့ကာ ရိုက်နှက်ဖမ်းဆီးပြီး ကားပေါ်တင်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အဲ့ဒီ လူငယ်နှစ်ဦးကို ဖမ်းဆီးရာမှာ စစ်အုပ်စုက သေနတ် ပစ်ဖောက်တာ ရှိခဲ့ပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ (၁၄) ရက်နဲ့ (၁၅) ရက်ကလည်း မန္တလေးမြို့ခံ လူငယ် (၁၀) ဦး ထက်မနည်းကို စစ်အုပ်စုက ဖမ်းဆီးသွားပြီး အဲ့ဒီ ဖမ်းဆီးခံ ပြည်သူတွေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းတွေကိုတော့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်းထဲ ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးနေပြီး ဖမ်းဆီးထားသူတွေအကြောင်း သတင်းအမှောင်ချကာ ညှဉ်းပန်းတာ၊ ငွေညှစ်တာ၊ သတ်-ဖြတ်တာတွေ စိတ်ထင်တိုင်း ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ မြို့နယ်ပေါ် မူတည်ပြီး စစ်အုပ်စုရဲ့ အဖမ်းခံရသူတွေဟာ အနည်းဆုံး ကျပ် ခုနှစ်သိန်းက စတင်ကာ ငွေနဲ့ပြန်ရွေးရပြီး တချို့ကတော့ ငွေပေးလည်း ပြန်မလွှတ်ဘဲ ထောင်ချခံရတာ ရှိသလို ညှဉ်းပန်း သတ်-ဖြတ်ပြီး လမ်းဘေး အလောင်း စွန့်ပစ်ခံရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမှာ လမ်းသွားလမ်းလာတွေကို ဥပဒေမဲ့ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MDY-PDF #UG #ကိုဆိတ် #လူငယ် #ဖမ်းဆီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ