ဝမ်းတွင်းနယ်ထဲက လောင်းကစားဝိုင်းတွေကို အရေးယူမယ်လို့ WTRF သတိပေး

ဝမ်းတွင်းနယ်ထဲက လောင်းကစားဝိုင်းတွေကို အရေးယူမယ်လို့ WTRF သတိပေး

MFP ၊ စက်တင်ဘာ - ၉

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ထဲက လောင်းကစားဝိုင်းတွေကို အရေးယူတော့မယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေး အင်အားစု (WTRF)က ဒိနေ့ စက်တင်ဘာ(၉)ရက်မှာ ထုတ်ပြန်ပါတယ်။

ဝမ်းတွင်းမြို့နယ်ထဲ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတွေဟာ စစ်အုပ်စုနဲ့ ပူးပေါင်း လုပ်ကိုင်နေတာ ဖြစ်ပြီး စစ်အုပ်စု လက်ပါးစေတွေက လိုင်းကြေး ကောက်နေသလို လောင်းကစားဝိုင်းတွေကြောင့် ဒုစရိုက်မှုတွေကြောင့် ပိုမိုပေါများလာပြီး ပြည်သူတွေ ဒုက္ခရောက်နိုင်တာကြောင့် အရေးယူတော့မယ်လို့ ဆိုပါတယ်။

လောင်းကစားဝိုင်းတွေ ဆက်မလုပ်ကြဖို့နဲ့ ပြည်သူတွေအနေနဲ့ လောင်းကစားဝိုင်းတေါဆီ မသွားကြဖို့ သတိပေးထားပြီး ထပ်မံ လုပ်ဆောင်နေသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ WTRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲ သူခိုး၊ လုယက်၊ ဓားပြတိုက်၊ မုဒိန်း၊ လူသ-တ်မှု စတဲ့ ရာဇဝတ် ပြစ်မှုတွေနဲ့ အကျဉ်းကျနေသူတွေ အားလုံးကို ထောင်က ပြန်လွှတ်ပေးခဲ့သလို မြို့ရွာအနှံ့မှာလည်း ဆက်ကြေးယူပြီး လောင်းကစားဝိုင်းတွေကို တရားဝင်နီးပါး ဖွင့်လှစ် လုပ်ကိုင်ခွင့် ပြုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ် အပါအဝင် မန္တလေးတိုင်းထဲက နေရာအနှံ့အပြားမှာ လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြပြီး ခိုး၊ ဆိုး၊ လု၊ နှိုက်ဖြစ်စဉ်တွေလို ဒုစရိုက်မှုတွေလည်း ပိုပြီး ပေါများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့ပေါ်က လောင်းကစားဝိုင်းအချို့ကိုတော့ စစ်အုပ်စုက အယောင်ပြ ဖမ်းဆီးပြီး ငွေညှစ်ကာ ပြန်လွှတ်ပေးတာတွေလည်း ရှိနေတယ်လို့လည်း မြိုခံတွေက ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝမ်းတွင်း #လောင်းကစားဝိုင်း #WTRF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ