ဟုမ္မလင်းမှာ ရှမ်းနီ SNA တပ်က တစ်လကျော်အတွင်း ဒေသခံပြည်သူ(၂၀)ခန့်ကို သ-တ်-ဖြတ်ခဲ့တယ်လို့ ဟုမ္မလင်း ပအဖ ဆို၊

ဟုမ္မလင်းမှာ ရှမ်းနီ SNA တပ်က တစ်လကျော်အတွင်း ဒေသခံပြည်သူ(၂၀)ခန့်ကို သ-တ်-ဖြတ်ခဲ့တယ်လို့ ဟုမ္မလင်း ပအဖ ဆို၊

MFP၊ စက်တင်ဘာ - ၅

စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းနယ်မှာ ရှမ်းနီ အမျိုးသားတပ်မတော် - SNA က တစ်လကျော်အတွင်း ဒေသခံ ပြည်သူ (၂၀)ခန့်ကို ဖမ်းဆီးသ-တ်-ဖြတ်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က သတင်း ထုတ်ပြန်ပါတယ်။

ဟုမ္မလင်းနှင့် ဖောင်းပြင်ကြားက နန့်နန်းကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ ရှမ်းနီ အမျိုးသားတပ်မတော် (SNA) တပ်မဟာ (၇၅၃)က အရာရှိ စိုင်းပြူး ဦးဆောင်တဲ့အဖွဲက ဒေသခံ ပြည်သူတွေကို စိတ်ထင်တိုင်း ဖမ်းဆီး သ-တ်-ဖြတ် နေတာလို့ ဟုမ္မလင်း ပအဖ က ဆိုပါတယ်။

SNA တပ်မဟာ(၇၅၃)က အရာရှိ စိုင်းပြူး ဦးဆောင်တဲ့ အဖွဲ့က သြဂုတ်လကနေ စက်တက်ဘာ(၄)ရက်အထိ တစ်လကျော်အတွင်း ပြည်သူ အယောက်(၂၀)ခန့်ကို သ-တ်-ဖြတ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီလို SNA က ပြည်သူတွေကို သ-တ်-ဖြတ် နေတဲ့အကြောင်း ဒေသခံတွေက ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ခန္တီးခရိုင် တပ်ရင်း(၁)ထံ သတင်းပို့ တိုင်ကြားတာလို့ ဟုမ္မလင်း ပအဖ က ဆိုပြီး ဗွီဒီယို မှတ်တမ်းတွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

"အသ-တ်ခံရသူတွေ ဘယ်သူဘယ်ဝါ ဆိုတာ အတိအကျ မသိရသေးပါ။ နန့်နန်းမှာ နိုင်ငံအတွင်း ဒေသအသီးသီးက ရွှေမျှော လာရောက်လုပ်ကိုင်သူ၊ ရွှေမှော်တွေမှာ ဈေးရောင်းသူတွေ၊ ရွှေမျှော လုပ်သားတွေ အများအပြား ရှိတဲ့အတွက် SNA က မထင်ရင် မထင်သလို သူတိုနဲ့ အဆင်မပြေသူတွေကို အနိုင်ကျင့် သတ်ဖြတ်မှုတွေ လက်လွတ်စပယ် ကျူးလွန်နေတာပါ" လို့ ဟုမ္မလင်း ပ.အ.ဖ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

SNA က ဒေသခံပြည်သူတွေကို သ-တ်-ဖြတ်မှုနှင့် ပတ်သက်ပြီး သူတို့ရဲ့ လုပ်ရပ်အတွက် တာဝန်ယူ၊ တာဝန်ခံ ရမယ်လို့လည်း ဟုမ္မလင်း ပအဖ က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၂၉)ရက် ညဦးပိုင်းက ဟုမ္မလင်းနယ် ဟွေဖလာရွာနှင့် နန့်တောရွာကြား လင်မယားနှစ်ဦး မောင်းနှသ်လာတဲ့ ကားကို SNA အရာရှိ စိုင်းပြူးနဲ့ အဖွဲ့က သေနတ်ပစ်ခတ် တားဆီးပြီး ကားမှန်တွေ ရိုက်ခွဲကာ ယာဉ်မောင်းအမျိုးသားကို ရိုက်နှက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရပြီး ဆေးကုသခဲ့ပေမယ့် သေဆုံးခဲ့တယ်လို့ ဟုမ္မလင်း ပအဖ နဲ့ ဒေသခံတချို့က ပြောပါတယ်။ အဲ့ဒီ ယာဉ်မောင်း အမျိုးသား သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ SNA ကားကို ကျော်တက်မိတာကြောင့်လို့ တချို့က ပြောပြီး တချို့ကတော့ SNA တပ်ဖွဲ့ဝင်တွေရဲ့ ကားလာချိန် ကားရပ်မပေးတာကြောင့် ရိုက်နှက်ခံရတာလို့လည်း ဆိုပါတယ်။

SNA က ဒေသခံပြည်သူတွေကို သ-တ်-ဖြတ်နေကြောင်း ဟုမ္မလင်း ပအဖ ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး SNA တပ်ဖွဲ့ဘက်ကို MFP အနေနဲ့ ဆက်သွယ် မေးမြန်းနိုင်တာ မရှိ သေးပါဘူး။

ယခုရက်ပိုင်းအတွင်း ဟုမ္မလင်း အပါအဝင် ခန္တီးနယ်ထဲမှာ ကချင်လွတ်မြောက်ရေး တပ်မတော် - KIA နှင့် PDF ပူးပေါင်းတပ်တွေနှင့် SNA တပ်တွေကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ နှစ်ဖက် တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၃၁)ရက်ကလည်း ဟုမ္မလင်းမြို့နယ် နတ်နန်းကျေးရွာ အနီးက SNA တပ်ဖွဲ့စခန်းကို KIA +PDF တပ်တွေက လာရောက်တိုက်ခိုက်ခဲ့တယ်လို့ SNA က ထုတ်ပြန်ထားသလို KIA နှင့် PDF ပူးပေါင်းတပ်တွေဟာ ကျေးရွာတွေထဲမှာ နေပြီး ပြည်သူကို အကာအကွယ် ယူကာ တိုက်ခိုက်နေတယ်လို့ SNA က စွပ်စွဲထားပါတယ်။

ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်များ/Photo - SNA

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဟုမ္မလင်း #ရှမ်းနီ #SNA

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ