စစ်အုပ်စု မီးရှို့လို့ ဈေး အပါအဝင် ရွာလုံးကျွတ် ပြာကျခဲ့တဲ့ တင်းတိမ်ရံရွာက ဒေသခံတွေကို ပြည်သူအချင်းချင်း ထောက်ပံ့၊

စစ်အုပ်စု မီးရှို့လို့ ဈေး အပါအဝင် ရွာလုံးကျွတ် ပြာကျခဲ့တဲ့ တင်းတိမ်ရံရွာက ဒေသခံတွေကို ပြည်သူအချင်းချင်း ထောက်ပံ့၊

MFP ၊ သြဂုတ် - ၂၇

စစ်အုပ်စုက သုံးရက်ဆက် ဝင်မွှေလုယက်ပြီး မီးရှို့ခဲ့တာကြောင့် အိမ်ခြေ(၃၀၀)ကျော်နှင့် ဈေးဆိုင်ခန်း (၂၅၀)ကျော် အပါအဝင် တစ်ရွာလုံး ပြာပုံ ဖြစ်ခဲ့ရတဲ့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံရွာက စစ်ဘေးသင့် ပြည်သူတွေကို ဆန်၊ အဝတ်အထည်နှင့် ငွေသားတချို့ ပြည်သူအချင်းချင်းက ကူညီ ထောက်ပံ့ ပေးခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ရေဦးနယ်ထဲ ရေဦးမြို့မဈေးပြီးရင် ဒုတိယ အကြီးဆုံးဈေးကြီး ဖြစ်တဲ့ တင်းတိမ်ရံဈေးနှင့် တင်းတိမ်ရံရွာကို စစ်အုပ်စုက ပြီးခဲ့တဲ့ ဇူလိုင်(၂၉)ကနေ (၃၁)ရက်အထိ ထင်တိုင်းကျဲ ဝင်မွှေလုယက် ခိုးယူပြီးနောက် မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စု မီးရှို့လို့ ရွှေဆိုင်တွေ၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်း ဆိုင်တွေ အပါအဝင် ဈေးဆိုင်ခန်း (၂၅၀)ကျော်၊ နေအိမ် (၃၁၃)လုံး၊ ဆန်စက် လေးလုံး၊ ဆီစက် နှစ်လုံး၊ ဘုန်းကြီးကျောင်းနှင့် သာသနိက အဆောက်အအုံတွေ မီးလောင် ပြာကျခဲ့ပါတယ်။

စစ်အုပ်စုဟာ တင်းတိမ်ရံရွာကို သုံးရက်ကြာ စီးနင်းပြီး ထင်တိုင်းကျဲ ဖောက်ထွင်း ခိုးယူ လုယက်ပြီးနောက် တစ်ဈေးလုံးနှင့် တစ်ရွာလုံးကို မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

တင်းတိမ်ရံဈေးကြီး လုယက် မီးရှို့ခံရမှုဟာ စစ်အာဏာသိမ်းစက ရွှေဘို မြို့မဈေးကြီး လုယက် မီးရှို့ခံရတုန်းက လိုပဲ ဆုံးရှုံးမှု အလွန် များပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တင်းတိမ်ရံကျေးရွာ မီးဘေးသင့် ပြည်သူများအတွက် ပြည်တွင်းပြည်ပ အနယ်နယ် အရပ်ရပ် ရပ်ဝေးရပ်နီး၊ အဖွဲ့အစည်း ပေါင်းစုံနှင့် ပြည်သူများမှ ကူညီထောက်ပံ့ပေးသော ဆန်၊ ငွေကြေးနှင့် အဝတ်အထည်များကို စုစည်း၍ သြဂုတ်(၂၃)ရက်မှ စတင်ကာ မီးဘေးသင့် အိမ်ထောင်စုများအနက် အိမ်ထောင်စုပေါင်း (၂၆၅)စုအား အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်တင်း၊ ငွေသား သုံးသောင်းကျပ်နှင့် အဝတ်အထည် အနည်းငယ်စီ ဝေငှထောက်ပံ့ ပေးနိုင်ခဲ့ပါသည်။ ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာ မီးဘေးသင့် ပြည်သူများအတွက် ကူညီ ထောက်ပံ့ပေးကြပါသော အဖွဲ့အစည်းများနှင့် ပြည်သူများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ လုပ်အားဒါန ဝိုင်းဝန်းကူညီ ပေးကြပါသော Volunteer များကိုလည်း အထူးပင် ကျေးဇူး တင်ရှိပါသည်” လို့ ရေဦးနယ် ဗိုလ်မုတ်ဆိတ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဖော်ပြပါတယ်။

တင်းတိမ်ရံရွာဟာ ရေဦးနှင့် ဒီပဲယင်းနယ်စပ်၊ ရေဦးမြို့နယ်၊ မန္တလေး - မြစ်ကြီးနား ရထားလမ်းဘေးမှာ တည်ရှိပြီး အိမ်ခြေ(၃၀၀)ကျော်နဲ့ စည်ပင်ဖွံ့ဖြိုးတဲ့ ရွာတစ်ရွာ ဖြစ်သလို တင်းတိမ်ရံဈေးဟာလည်း ရေဦးနယ်သာမက ဒီပဲယင်းနယ်က ပြည်သူတွေပါ အားကိုးအားထားပြု ရောင်းဝယ်ဖောက်ကားနေတဲ့ ဈေးကြီး ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရေဦး #တင်းတိမ်ရံ #ရွာ #ဈေး #မီးရှို့ #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ