မန္တလေးနဲ့ စစ်ကိုင်းမှာ စစ်အုပ်စုက ခရီးသွားတွေကို ဖမ်းဆီး ငွေညှစ် သောင်းကျန်း စစ်ဆေးနေ

မန္တလေးနဲ့ စစ်ကိုင်းမှာ စစ်အုပ်စုက ခရီးသွားတွေကို ဖမ်းဆီး ငွေညှစ် သောင်းကျန်း စစ်ဆေးနေ

MFP ၊ ဩဂုတ် - ၂၆

မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့မှာ စစ်အုပ်စုက ဒီမနက်ပိုင်း တင်းတင်းကျပ်ကျပ် ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးမြို့နေရာအနှံ့အပြားမှာ အုပ်စုဖွဲ့ စစ်ဆေးနေတာဖြစ်ပြီး ကားနောက်ဖုံးဖွင့်ခိုင်းတာ၊ ဆိုင်ကယ် တူးဘောက် ဖွင့်ခိုင်းတာတွေ လုပ်ဆောင်နေသလို အမျိုးသားတွေကို ပိုစစ်ဆေးတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“ ဘာကြောင့်စစ်တယ်တော့ မသိဘူး၊ ဟိုနေ့ကလည်း သူတို့လက်ထဲက စာရွက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးတာမျိုးတွေ လုပ်တယ်၊ ဒီနေ့လည်း မနက်ကတည်းက စစ်ဆေးနေတယ် နေရာအနှံ့မှာ၊ ကင်းပုန်းတွေလည်း ရှိတယ် “ လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

သပိတ်စစ်ကြောင်းထွက်နေကျနေရာတွေမှာလည်း စစ်ဆေးတာမျိုးတွေ လုပ်ဆောင်နေတဲ့အတွက် ရှေ့ကို ကြိုကြည့်ပြီးမှ သွားလာကြတာ အန္တရာယ်ကင်းမယ်လို့ မြေပြင်သပိတ်အဖွဲ့ဝင်တစ်ယောက်က မှတ်ချက်ပြုပါတယ်။

မန္တလေးမြို့ အဝင်အထွက် တိုးဂိတ်တွေမှာလည်း စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကိုင်းမြို့အဝင် စစ်ကိုင်းတံတားထိပ်မှာလည်း ဆိုင်ကယ်တူးဘောက်တွေအပြင် ကျောပိုးအိတ်တွေကိုပါ စစ်အုပ်စုက ဖွင့်စစ်ဆေးနေတာရှိပြီး မြို့ပေါ်မှာ ယောက်ျားလေးနှစ်ယောက်စီးတဲ့ ဆိုင်ကယ်တွေကိုလည်း ဖမ်းဆီးနေတယ်လို့ စစ်ကိုင်းမြို့ခံတွေက ဆိုပါတယ်။

စစ်ကိုင်းမြို့ ကိုးပေတံတားအောက်မှာလည်း ယောက်ျားလေးနှစ်ယောက်စီးတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးသိမ်းယူနေတယ်လို့ မြို့ခံတွေက ထပ်မံ ပြောဆိုပါတယ်။

စစ်ကိုင်းမြို့ကိုးပေတံတားမှာ ‌တွေ့ရတဲ့မြင်ကွင်း/ ဓာတ်ပုံ - CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အစစ်အဆေးကြမ်း #တင်းတင်းကျပ်ကျပ်ရှာဖွေ #ဆိုင်ကယ်နှစ်ယောက်စီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ