ဖက်ဆစ်တပ်က မုံရွာ - အမြင့် ကားလမ်းနှင့် မုံရွာ - လယ်ဇင် ကားလမ်းတွေကို ဖျက်ဆီး၊

ဖက်ဆစ်တပ်က မုံရွာ - အမြင့် ကားလမ်းနှင့် မုံရွာ - လယ်ဇင် ကားလမ်းတွေကို ဖျက်ဆီး၊

MFP ၊ အောက်တိုဘာ - ၅

စစ်ကိုင်းတိုင်းထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်က မနေ့ကနဲ့ ဒီနေ့ မနက်ပိုင်းမှာ မုံရွာ - အမြင့် ကားလမ်းနှင့် မုံရွာ - လယ်ဇင် ကားလမ်းတွေကို ဘူဒိုဇာနဲ့ ထိုးကာ သွားလာလို့ မရတော့အောင် ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ(၄)ရက် မနေ့က နေ့လည်ပိုင်းမှာ မုံရွာမြို့ တောင်ဘက်အထွက် မုံရွာ - အမြင့်လမ်း ကျောက်ပေါက်ကွေ့အနီး လမ်းပိုင်းကို ကားကြီးတစ်စီး၊ အိမ်စီးကားတစ်စီးနဲ့ ဖက်ဆစ်တပ်သား (၃၀)လောက်နဲ့ လာရောက်ကာ မုံရွာ - အမြင့်ကားလမ်းကို မြေကော်စက် (ဘူဒိုဇာ)နဲ့ ဖျတ်ဆီးသွားတယ်လို့ မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး က ဖော်ပြပါတယ်။

“မုံရွာ - အမြင့်လမ်းဟာ မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ် အတွက် အဓိက အရေးကြီးသော လမ်းပိုင်းဖြစ်ပြီး ယခုလို ဖျတ်ဆီးသွားခြင်းမှာ ကားများ သွား၍ မရအောင် ဖျတ်ဆီးသွားခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။ ယခုအခါ မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်နေ ပြည်သူများအတွက် ကုန်သွယ်ရေး၊ လမ်းသွားလာရေး ခက်ခဲတော့မည် ဖြစ်ပါတယ်” လို့ မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။

ဒီနေ့ အောက်တိုဘာ(၅)ရက် မနက်ပိုင်းမှာလည်း မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာ အဝင်တံတားတစ်ခုနဲ့ ရွာအဝင်လမ်းကို ကားသွားလာလို့ မရအောင် ဖက်ဆစ်တပ်က (၁၀)ပေခန့် ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီး သွားတယ်လို့ ဆိုပါတယ်။

မုံရွာ - အမြင့်လမ်းနှင့် မုံရွာ - လယ်ဇင် ကားလမ်းတွေကို ဖက်ဆစ်တပ်က ဖျက်ဆီးသွားစဉ်/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #အမြင့် #လယ်ဇင် #လမ်း #ဖျက်ဆီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ