ကလေးနယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက် အကျအဆုံးရှိ၊ PDF တွေ ကျည်လိုအပ်နေ၊

ကလေးနယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက် အကျအဆုံးရှိ၊ PDF တွေ ကျည်လိုအပ်နေ၊

MFP၊ သြဂုတ် - ၄

စစ်ကိုင်းတိုင်း ကလေးမြိုနယ်တောင်ပိုင်း GTC ကျောင်းနှင့် သာယာကုန်ရွာအနီးမှာ အကြမ်းဖက် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက် အကျအဆုံးရှိသလို ပြည်သူ့ရဲဘော်တွေ အနေနဲ့ ကျည်ဆံ လိုအပ်ချက် ရှိနေတယ်လို့ သတင်းရရှိပါတယ်။

သြဂုတ် (၃)ရက် ညနေပိုင်းက ကလေးမြို့တောင်ဘက်၊ ကလေး - ဂန့်ဂေါလမ်း၊ သာယာကုန်းရွာ GTC ကျောင်းထဲ အထိုင်ချနေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စကစတွေ အသေအပျောက် များနိုင်သလို ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို ကလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF Kalay တပ်ရင်း (၁) ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

“တိုက်ပွဲက ပြင်းထန်နေပါတယ်ဗျာ။ အဓိက ကျည်ဖိုး ကူကြပါ။ ကျည်ဖိုးလာကူပါ။ မကူနိုင်ရင် ကူနိုင်မဲ့သူတွေ မြင်အောင် ရှဲပေးကြပါ” လို့ PDF (Kalay) တပ်ရင်း (၆)က ဖော်ပြပါတယ်။

မနေ့ ညနေပိုင်းက သာယာကုန်းရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PDF (Kalay) တပ်ရင်း (၆)က ရဲဘော် တစ်ဦး ကျဆုံးခဲ့တာ ဖြစ်ပြီး အခြား ရဲဘော် သုံးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စစ်အုပ်စုဘက်က အသေအပျောက် အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ ရဲဘော်တွေ ရှေ့တန်းမှာ မိုးထဲရေထဲ တိုက်ပွဲဝင်နေကြပါတယ်။ အရင်က အကြိမ်ကြိမ် ပြောခဲ့သလိုပဲ ကျည်ကုန်ရင် ကျည်ပြန်ဖြည့်ရပါတယ်။ သွေးကြွေးကို သွေးနဲ့ဆပ်ချင်ကြတယ်မလား၊ လာလှူပေးးကြပါ” လို့ PDF (Kalay) တပ်ရင်း (၆) ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုကို PDF Kalay တပ်ရင်း (၁)၊ (၂)၊ (၅)၊ (၆)နှင့် CNDF ၊ CDF(KKG)၊ KRDF စတဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲ ပြင်းထန်ကာ စစ်အုပ်စု သောင်းကျန်းနေလို့ ကလေး- ဂန့်ဂေါလမ်း အပါအဝင် ကလေးနယ် တောင်ပိုင်းကို ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ PDF (Kalay) က မေတ္တာရပ်ခံ သတိပေးထားပါတယ်။

“ကလေးမြို့နယ် တောင်ပိုင်း ကလေးနည်းပညာတက္ကသိုလ် တောင်ဘက် သာယာကုန်းရွာ အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် PDF (Kalay) ၊ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF - KKG နှင့် RKDF ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲဆက်လက် ပြင်းထန်လျက်ရှိပါသည်။ စစ်ရေး အခြေအနေများအရ ကလေး တောင်ပိုင်းသို့ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်” လို့ PDF (Kalay) က ဖော်ပြပါတယ်။

သာယာကုန်းရွာ GTC ကျောင်းဝင်းထဲမှာ စကစ အင်အား (၂၀၀) လောက် ရှိနေတာ ဖြစ်ပြီး သြဂုတ် (၂)ရက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ကာ စကစ အနည်းဆုံး (၁၀)ယောက် သေပြီး အများအပြား ဒဏ်ရာရသွားတယ်လို PDF (Kalay)က ထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ PDF (Kalay) တပ်ဖွဲ့ဝင် ပြည်သူ့ ရဲဘော်တွေ/Photo – PDF (Kalay)

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #PDF #တိုက်ပွဲ #ကျည်ဆံ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ