မေမြို့မှာ နေအိမ်ထဲ ဓားထိုး လူသတ်မှု ဖြစ်ပြီး တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရ၊

မေမြို့မှာ နေအိမ်ထဲ ဓားထိုး လူသတ်မှု ဖြစ်ပြီး တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရ၊

​MFP ၊ အောက်တိုဘာ - ၁၃

မန္တလေးတိုင်း၊ မေမြို့၊ ရေချမ်းအိုး (မြောက်)ရွာမှာ ဒီမနက်ပိုင်း နေအိမ်တစ်အိမ်ထဲ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေသူ တစ်ဦးနှင့် ဒဏ်ရာရထားသူ သုံးဦး တွေ့ရှိတဲ့အတွက် ဆေးရုံကြီး ပို့ဆောင်ထားတယ်လို့ ပြင်ဦးလွင်(အခမဲ့)နာရေးကူညီမှုအသင်းက ဆိုပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၃)ရက် မနက်ပိုင်း၊ မေမြို့၊ ရေချမ်းအိုး (မြောက်)ရွာ၊ ပါရမီလမ်းထဲက နေအိမ်တစ်အိမ်က မိသားစုဝင်တွေ ထိုးသွင်း၊ ပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံး၊ ဒဏ်ရာရနေတာကို တွေ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

"ပြင်ဦးလွင်မြို့၊ ရေချမ်းအိုးရပ်ကွက်၊ နေအိမ်တွင်း သေမှုသေခင်း ဖြစ်ပွားရာမှ ဒဏ်ရာရလူနာ သုံးဦးနှင့် သေဆုံးသူ တစ်ဦးအား ပြင်ဦးလွင်(အခမဲ့) နာရေးကူညီမှု အသင်းကြီးမှ ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ အရေးပေါ်လူနာတင်ယာဉ် သုံးစီးဖြင့် ပို့ဆောင်ပေးခဲ့ပါသည်" လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းက ဖော်ပြပါတယ်။

ဖြစ်စဉ် အသေးစိတ်ကိုတော့ MFP အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု အခြေစိုက်တဲ့ မေမြို့ အပါအဝင် မန္တလေးတိုင်းထဲ ဓားပြတိုက်၊ လူသတ်၊ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အုပ်စုက လုယက်၊ လူသတ်မှု ဖြစ်စဉ်တွေကို ဖော်ထုတ် အရေးယူနိုင်တာ မရှိဘဲ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၁၈)ရက်ကလည်း မေမြို့၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ စည်ကားကျေးရွာ (၃)လမ်းက ကြက်ခြံတစ်ခြံမှာ ကလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး ငါးဦး မိသားစုလိုက် အသတ်ခံခဲ့ရပါသေးတယ်။ အသက်(၄၅)နှင့် (၃၅)နှစ်အရွယ် အမျိုးသားနှစ်ဦး၊ အသက်(၃၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၁၂)နှစ်နှင့် (၁၀)နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး စုစုပေါင်း ငါးဦး အသတ်ခံရတာ ဖြစ်ပြီး စစ်အုပ်စုက အဲ့ဒီအမှုကို ဒီနေ့အထိ လူသတ်တရားခံနှင့် အမှုမှန် ဖော်ထုတ်နိုင်တာ မရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက လူသတ်၊ မုဒိန်း၊ ဓာပြ စတဲ့ ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်လို့ ထောင်ဒဏ် နှစ်ရှည် ကျခံနေရတဲ့ နှစ်ကြီး အကျဉ်းသားတွေ အပါအဝင် ရာဇဝတ်မှုတွေကြောင့် ထောင်ကျနေတဲ့ ရာဇဝတ်သားတွေ အားလုံးကို စစ်အုပ်စုက ခြွင်းချက်မရှိ ထောင်က လွှတ်ပေးထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မေမြို့ #ရေချမ်းအိုး #မိသားစု 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ