ငါန်းဇွန်မှာ စစ်အုပ်စုက ညီဖြစ်သူ မတွေ့လို့ အကို ကို ဖမ်းခေါ်ပြီး လမ်းမှာ သ-တ်-ဖြတ်ခဲ့၊ ဖောင်းတောရွာက ပျူခေါင်းဆောင် ရှိနေတဲ့ နေအိမ် ပစ်ခတ်ခံရပြီး လေးဦး သေဆုံး၊

ငါန်းဇွန်မှာ စစ်အုပ်စုက ညီဖြစ်သူ မတွေ့လို့ အကို ကို ဖမ်းခေါ်ပြီး လမ်းမှာ သ-တ်-ဖြတ်ခဲ့၊ ဖောင်းတောရွာက ပျူခေါင်းဆောင် ရှိနေတဲ့ နေအိမ် ပစ်ခတ်ခံရပြီး လေးဦး သေဆုံး၊

MFP ၊ စက်တင်ဘာ - ၁၃

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မလဲကျင်းရွာကို စစ်အုပ်စုက စက်တင်ဘာ(၁၁)ရက် ညပိုင်းမှာ စီးနင်းဝင်မွှေ သောင်းကျန်းခဲ့ပြီးနောက် ညီဖြစ်သူကို မတွေ့တဲ့အတွက် အကိုကို ဖမ်းခေါ်သွားကာ လမ်းတဝက်မှာပဲ ညှဉ်းပန်း သ-တ်-ဖြတ်ပြီး အလောင်းကို လမ်းဘေးစွန့်ပစ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ(၁၁)ရက် ည(၉)နာရီက ငါန်းဇွန်မြို့နယ် မလဲကျင်းရွာက ကိုကျော်မိုးတို့ နေအိမ်ကို စစ်အုပ်စုက ဝင်မွှေလုယက်ပြီး ညီဖြစ်သူကို မတွေ့တဲ့အတွက် အကိုဖြစ်သူ ကိုကျော်မိုးကို စစ်မေးစရာရှိလို့ စခန်းကို လိုက်ခဲ့ပါလို့ ဆိုကာ ဖမ်းခေါ်သွားပြီးနောက် လမ်းတဝက်မှာပဲ ညှဉ်းပန်း သ-တ်-ဖြတ်သွားတာလို့ ဆိုပါတယ်။

သေဆုံးသူ ကိုကျော်မိုးနှင့် ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

တချိန်တည်းမှာပဲ စစ်အုပ်စုနှင့် ပေါင်းကာ ဒေသခံ ပြည်သူတွေအပေါ် အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေတဲ့ ငါန်းဇွန်မြို့နယ်၊ မင်းကြီးကြပ်ကျေးရွာအုပ်စု၊၊ ဖောင်းကတောရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးဒမှူး၊ ပျူခေါင်းဆောင် ငမိုး ဆိုသူရဲ့ နေအိမ်ကို စက်တင်ဘာ(၁၁)ရက်၊ ည(၈)နာရီကျော်က ဝင်ရောက် ပစ်ခတ်ခဲ့ရာ ပျူခေါင်းဆောင် ငမိုး လွတ်မြောက်သွားပြီး ပျူအဖွဲ့ဝင် လေးဦး သေဆုံးတယ်လို့ နောင်ရိုးအထူး ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

“ဖောင်းကတောကျေးရွာမှ ငါန်းဇွန်နယ် ပျူစောထီး ခေါင်းဆောင် ငမိုး အား ရှင်းလင်းရန် သွားချိန်တွင် ငမိုးနှင့်အတူ သူ၏ တပည့်များဖြစ်ကြသော လှဟန်၊ နွဲ့ဆိုး၊ အံ့ကျော်၊ လှဆန်း နှင့်ဇနီး မိပြုံး တို့ ဝိုင်းဖွဲ့ကာ အစည်းအဝေး လုပ်နေချိန် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင် ငမိုး ထွက်ပြေး လွတ်မြောက်သွားကာ ကျန်ပျူ လေးကောင်ဂန့်ပြီး တစ်ကောင် ဆေးရုံပို့လိုက်ရသည်” လို့ နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို နောင်ရိုး အထူးပြောက်ကျားတပ် - NYSGF၊ Zarmani MMU၊ မြောင် တပ်ခွဲ၊ မီးနဂါး၊ NZN Revolution Force၊၊ မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ မဟာမိတ်ညီနောင်အဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဖောင်းကတောရွာ ပျူခေါင်းဆောင် ငမိုးရဲ့ နေအိမ် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ အမည်မသိ သေနတ်သမားတွေ ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်တာကြောင့် အသက်(၆၀)ကျော်အရွယ် ဦးလှဟန်၊ အသက်(၅၀)ကျော်အရွယ် ဦးလှဆန်း၊ အသက်(၅၀)အရွယ် ဒေါ်ပြုံးနှင့် အသက်(၄၀)ကျော်အရွယ် ဒေါ်နွယ်စိုး တို့ လေးဦး သေဆုံးကာ အသက်(၄၀)ကျော်အရွယ် ဦးအံ့ကျော်ဆိုသူ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဖောင်းကတောရွာက ခွေးခန့်အုပ်ကြီး၊ ဒလန်အကြီးစား ပျူငမိုးကို ညအိပ်လက်ခံသော အိမ်ကို ငမိုး ရောက်နေသည်ဟု အသံကြား၍ စက်တင်ဘာ(၁၁)ရက်၊ ည(၇)နာရီ ဝန်းကျင်လောက်က အဖွဲ့အစည်း တစ်ခုက ရှင်းလင်းခဲ့။ လေးယောက် ဒွမ် ၊ တစ်ယောက် ဆေးကုသနေရဟု ကြားသိရ။ ငမိုးကြောင့် အပြစ်မဲ့ရွာသားများစွာ အဖမ်းဆီးခံရသည့်အပြင် ၎င်းကြောင့် တိမ်းရှောင်နေသည့် ပြည်သူများ များစွာရှိနေသည်။ ငမိုးသည် သူ့မိုက်ပြစ် သူသိရှိကာ သူ့အိမ်မှာ မအိပ်ရဲဘဲ အခု ရှင်းခံရသည့်အိမ်အပြင် ညောင်လေးပင်အုပ်စု အတွင်းမှာ လှည့်လည် အိပ်နေရသည်။ ထိုနေ့က ၎င်း၏ မြေးဖြစ်သူ မွေးနေ့ပွဲ ပြန်လာသည်ဟု သတင်းရ၍ အဖွဲ့အစည်း တစ်ခုက ၎င်းအိပ်နေကျ အိမ်၊ ၎င်းကို လက်ခံသည့်အိမ်ကို ဝင်ရောက်ရှင်းခဲ့တာ ဖြစ်နိုင်ကြောင်း” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း စစ်အုပ်စုနှင့် ပျူတွေက ငါန်းဇွန်နှင့် နွားထိုးကြီး အပါအဝင် မြင်းခြံနယ်ထဲ ဒေသခံပြည်သူတွေကို ဖမ်းဆီးငွေညှစ် ညှဉ်းပန်း သ-တ်ဖြတ်ကာ အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ခဲ့မှုတွေ ဆက်တိုက် ကျူးလွန်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါန်းဇွန် #ဖောင်းကတော #မလဲကျင်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ