မန္တလေးက MCTA ကိုယ်ပိုင်ကျောင်းမှာ အသက်(၁၄)နှစ်အရွယ် ကျောင်းသူတစ်ဦး ငါးထပ်ဆောင်ပေါ်က ပြုတ်ကျ၊

မန္တလေးက MCTA ကိုယ်ပိုင်ကျောင်းမှာ အသက်(၁၄)နှစ်အရွယ် ကျောင်းသူတစ်ဦး ငါးထပ်ဆောင်ပေါ်က ပြုတ်ကျ၊

MFP ၊ စက်တင်ဘာ - ၆

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ထဲက MCTA International School ကျောင်းမှာ စက်တင်ဘာ(၅)ရက် ညနေပိုင်းက အသက်(၁၄)နှစ်အရွယ် ကျောင်သူတစ်ဦး ငါးထပ်ဆောင် ပေါ်က ပြုတ်ကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ကျောင်းဆင်းချိန်မှာ ငါးထပ်ဆောင်ပေါ်က ပြုတ်ကျတာ ဖြစ်ပြီး လက်ရှိအချိန်ထိ သတိမရသေးဘဲ ပုဂ္ဂလိက ဆေးရုံတစ်ခုက ICU ထဲမှာ အထူးကြပ်မတ် ကုသနေရတယ်လို့ နီးစပ်ရာ ကျောင်းသား မိဘတွေက ပြောပါတယ်။

"အသက်က (၁၄)နှစ်အရွယ် ကျောင်းသူပါ။ ကျောင်းက နိုင်ငံခြားကျောင်းလေ၊ SG2 အတန်းမှာ တက်နေတာ။ ကျောင်းဆင်းချိန်မှာ ဖြစ်သွားတာ။ ခေါင်းထိသွားတယ်ဗျ။ အခုထိလည်း သတိမရသေးဘူး၊ အရေးပေါ် အခန်းထဲမှာပဲ" လို့ နီးစပ်သူ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ကျောင်းသူတစ်ဦး မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ကျောင်းဟာ MCTA International School ဖြစ်တယ်လို့ ကျောင်းသား မိဘတွေက ပြောပါတယ်။

“ကျနော် MCTA ကျောင်းမှာ တက်နေတဲ့ကလေး အဖေပါ။ အခင်းဖြစ်ဖြစ်ချင်း နေရာမှာ ကျနော်ရှိတယ်။ ကျနော့် မျက်မြင်အရဆိုရင် ကလေး ပြုတ်ကျကျချင်း အနားမှာ ရှိနေတဲ့ High School က ဆရာတစ်ယောက်က ပြေးလာပြီး ကလေးကို သေချာလေး ဂရုတစိုက်နဲ့ ခေါင်းကို ထိန်းပြီး ရှေးဦးသူနာပြု ပေး၊ အနားမှာရှိတဲ့ ကျောင်းက သူ ဖြစ်မယ် ထင်တယ်... တစ်ယောက်ကနေ Emergency ဖုန်းခေါ်ပြီး ကလေးကို ချက်ချင်းပဲ ဆေးရုံခေါ်သွား... ကလေးမိဘတွေလည်း ကလေးကို ဝိုင်းဝန်းကူသယ်ပေး... ကလေးဒီလို ဖြစ်သွားတာ စိတ်မကောင်း ဖြစ်မိပေမယ့် ကျောင်းအနေနဲ့ ဖြစ်ဖြစ်ချင်း သေချာ ဂရုစိုက်ပေးပါတယ် ဗျာ... အခုလိုအချိန်မှာ အပြစ်တွေတင်နေမယ့် အစား မိဘနဲ့ ကျောင်းနဲ့ စည်းလုံးပြီး နောင်မဖြစ်အောင် ကြိုတင်ကာကွယ်သင့်တယ် မထင်ဘူးလား... ကလေးအတွက်လည်း ဆုတောင်းပေးသင့်တယ်ဗျာ...” လို့ လူမှုကွန်ယက်မှာ ရေးပါတယ်။

မတော်တဆမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောင်းဘက်က တာဝန်ယူမယ်လို့ ပြောကြားထားကြောင်း ကျောင်းသူရဲ့ ဦးလေးကလည်း လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

“အဖြစ်မှန် သိရအောင် ကျောင်းဖက်နဲ့ သေချာစုံစမ်းမှုတွေ လုပ်နေတုန်းပဲ ရှိပါသေးတယ်။ CCTV Record လည်း အကြမ်းဖျဉ်း ကြည့်ထားပြီးသလို ဘယ်ကနေ ဘယ်လိုကျသလဲ ဆိုတာလည်း နေရာကို မျက်မြင် သွားကြည့်ထားပြီး ပါပြီ။ အဖြစ်အပျက်ကို အလုံးစုံ နားလည်ဖို့ သိစရာလေးတွေ လိုအပ်နေသေးလို့ ကျောင်းဖက်က ဆက်ပြီး လုပ်နေပါတယ်။ အစစ အရာရာ ကျောင်းဖက်က တာဝန်ယူတယ်လို့လည်း ပြောထားပါတယ်” လို့ ကျောင်းသူရဲ့ ဦးလေးက လူမှုကွန်ယက်မှာ ရေးထားပါတယ်။

အဲ့ဒီ မတော်တဆမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး MCTA ကျောင်းဘက်ကို MFP အနေနဲ့ ဆက်သွယ်မေးမြန်းနိုင်တာ မရှိသေးသလို ကျောင်းဘက်ကလည်း တရားဝင် ထုတ်ပြန်တာတော့ ဘာမှ မတွေ့ရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ဆရာ၊ဆရာမတွေ CDM မှာ ပါဝင်တာကြောင့် ပြီးခဲ့တဲ့နှစ်က ပုဂ္ဂလိကကျောင်းတချို့ အပါအဝင် စာသင်ကျောင်းတွေ ပိတ်ထားခဲ့ပေမယ့် ယခု ပညာသင်နှစ်မှာတော့ မန္တလေးမြို့ပေါ်က ပုဂ္ဂလိကကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေ အားလုံးနီးပါး စစ်ကောင်စီ ညွှန်ကြားချက်အတိုင်း ကျောင်းတွေ ပြန်လည် ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျောင်း #ကိုယ်ပိုင်ကျောင်း #ကျောင်းသူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ