မတ္တရာနယ်ထဲ သံကျောက်တူးဖော်သူတွေ တစ်ပတ်အတွင်း ပိတ်သိမ်းထွက်ခွာဖို့ မတ္တရာ ပကဖ သတိပေး၊

မတ္တရာနယ်ထဲ သံကျောက်တူးဖော်သူတွေ တစ်ပတ်အတွင်း ပိတ်သိမ်းထွက်ခွာဖို့ မတ္တရာ ပကဖ သတိပေး၊

MFP ၊ စက်တင်ဘာ - ၂၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲ သံကျောက် တူးဖော်နေသူတွေ အားလုံး တစ်ပတ်အတွင်း လုပ်ငန်းတွေ ပိတ်သိမ်းကာ ထွက်ခွာကြဖို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ပကဖ က ဒီနေ့ နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

မတ္တရာနယ် အရှေ့ခြမ်းမှာ စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဘက်ဟိုးတွေ၊ စက်ယန္တရားကြီးတွေနဲ့ သံကျောက် ထုတ်လုပ်နေကြတာ ဖြစ်ပြီး ထုတ်လုပ်ရရှိတဲ့ သံကျောက်တွေကို မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်အစပ်၊ စစ်အုပ်စုနဲ့ ဖက်ဆပ် လုပ်ကိုင်နေတဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံကို ပို့ဆောင်ရောင်းချနေကြတာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ မီးရှို့ကာ လုယက် ဓားပြတိုက် သောင်းကျန်းနေပြီး စစ်ရေး အခြေအနေနှင့် နယ်မြေလုံခြုံရေး အခြေအနေအရ သံကျောက် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ရပ်နားထွက်ခွာကြဖို့ တားမြစ်ရခြင်း ဖြစ်တယ်လို့ မတ္တရာ ပကဖ က ဆိုပါတယ်။

"သံကျောက် လုပ်ကွက် တွေထဲကနေပြီးတော့ ဘတ်ဖိုးတွေ၊ နောက် စက်ယန္တရားတွေ၊ နောက်ပြီးကျတော့ တခြား အဆောင်တွေရော၊ ဒါတွေအားလုံး ထွက်ခွာပေးကြဖို့ ကျွန်တော်တို့ တစ်ပတ် အချိန် ပေးထားတယ်၊ ကျွန်တော်တို့ ထုတ်ပြန်ချက်ကို သံကျောက်လုပ်ငန်းရှင်တွေ အနေနဲ့ အပြည့်အဝ ပူးပေါင်းလိုက်နာ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဒီဘက်ကနေပြီးတော့ ပြောလိုတယ်၊ တကယ်လို့ သူတို့ဘက်က လိုက်နာ ဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ ကျွန်တော်တို့က ဘာပဲပြောပြော ခရိုင် ပကဖ၊ တိုင်း ပကဖ နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကို တင်ပြပြီးတော့ ကျွန်တော်တို့ လိုအပ်သလို ဆက်လက် အရေးယူသွားဖို့ ရှိတယ်"လို့ မတ္တရာ ပကဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

ပြည်သူတွေ စီးပွားရေး၊ စားဝတ်နေရေး အဆင်ပြေစေဖို့ သံကျောက်လုပ်ကွက်တွေကို တားမြစ်မှု မရှိခဲ့ပေမယ့် လက်ရှိမှာ စစ်ရေးအရှိန်မြှင့်ဖို့ လုပ်ဆောင်နေသလို နယ်မြေစိုးမိုးရေး လိုအပ်ချက်အရ အခုလို တားမြစ်၇တာ ဖြစ်တယ်လို့ မတ္တရာ ပကဖ က ရှင်းပြပါတယ်။

သံကျောက် ထုတ်လုပ်တဲ့ နေရာတွေအနီးမှာ မိုင်းကွင်းတွေ ရှိနေတာကြောင့် ပြည်သူတွေ ထိခိုက်နိုင်သလို စစ်အုပ်စုကလည်း သံကျောက်သယ် ကားတွေနဲ့ လိုက်ပါလာပြီး ဒေသတွင်း အင်အား ဖြည့်လာတာကြောင့် တားမြစ်တာလို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေဟာ သံကျောက် ထုတ်လုပ်ခွင့်ရဖို့ စစ်အုပ်စုကို ဆက်ကြေးပေးနေရပြီး စစ်အုပ်စုကို ငွေပေးတာဟာ ပြည်သူကို သတ်မယ့် ကျည်ဆံဖိုး ထောက်ပံ့ပေးရာ ရောက်လို့ သံကျောက် ထုတ်လုပ်မှု ရပ်နားဖို့ တားမြစ်ချက်ကို အချိန်ကာလတစ်ခုအထိ ဖြေလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မန္တလေး နန်းတွင်း အခြေစိုက် စစ်အုပ်စုဟာ မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေပြီး အိမ်တွေ မီးရှို့တာ၊ ပြည်သူကို သတ်ဖြတ်တာ၊ မီးရှို့အလောင်းဖျောက်တာ၊ ပြည်သူ့ပစ္စည်းတွေ ခိုးယူလုယက် ဓားပြတိုက်တာ၊ ဒေသခံတွေကို မတရားဖမ်းဆီးပြီး ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ မတ္တရာနယ်ခံတွေက ပြောပါတယ်။

မတ္တရာနယ်ထဲ တူးဖော် ထုတ်လုပ်တဲ့ သံကျောက်တွေကို အဓိက ဝယ်ယူနေတဲ့ စစ်အုပ်စုနဲ့ ဖက်ဆစ်လုပ်ကိုင်နေတဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ/Photo – S

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ပကဖ #သံကျောက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ