မတ္တရာ ရေလည်ကျွန်းရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ထုလို့ ကလေးနှင့် အမျိုးသမီး ဒဏ်ရာရ၊ တိုက်ပွဲဖြစ်ကာ နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိပြီး စစ်အုပ်စုက ရွာကို မီးရှို့နေ၊

မတ္တရာ ရေလည်ကျွန်းရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ထုလို့ ကလေးနှင့် အမျိုးသမီး ဒဏ်ရာရ၊ တိုက်ပွဲဖြစ်ကာ နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိပြီး စစ်အုပ်စုက ရွာကို မီးရှို့နေ၊

MFP ၊ စက်တင်ဘာ - ၉

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ထဲက ရေလည်ကျွန်းရွာကို စစ်အုပ်စုက ဒီမနက်ပိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ စီးနင်းဝင်မွှေ သောင်းကျန်းလို့ ဒေသခံ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၉)ရက် မနက်(၈)နာရီမှာ စစ်အုပ်စုက မတ္တရာမြို့နယ် ရှင်လှရွာဘက် စစ်ကားတွေနဲ့ ရောက်လာပြီး ရေလည်ကျွန်းရွာထဲ လက်နက်ကြီးနဲ့ ပစ်ခတ်ကာ စီးနင်းဝင်မွှေ သောင်းကျန်းနေတာလို့ ဆိုပါတယ်။

စစ်အုပ်စုက ရေလည်ကျွန်းရွာထဲ လက်နက်ကြီးနဲ့ထုလို့ အသက် ငါးနှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ဦးခေါင်းမှာ ဒဏ်ရာရကာ အသက်အန္တရာယ် စိုးရိမ်ရပြီး အမျိုးသမီးကလည်း ခြေထောက်မှာ ဒဏ်ရာရတာလို့ ဒေသခံတွေက ပြောပါတယ်။

ရေလည်ကျွန်းရွာထဲ ဝင်မွှေလုယက် သောင်းကျန်းတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့ တိုက်ပွဲ ဖြစ်ပြီး နှစ်ဖက် အကျအဆုံး ရှိတယ်လို့လည်း ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစုက ဆိုပါတယ်။

“မတ္တရာမြို့နယ် ရေလယ်ကျွန်း ကျေးရွာကို စကစ မှ ဝင်ရောက် စီးနင်း ပစ်ခတ်ရာ ပြည်သူ့ကာကွယ် ရေးအဖွဲ့ နှင့် တိုက်ပွဲဖြစ်။ စကစ ဘက် မှ ဗိုလ်ကြီးတစ်ဦး အစ်ပါဝင် (၁၃)ယောက် ကျဆုံး။ ရှင်လှ ကျေးရွာ ဘက်ကမ်း မှ နာရေး ကား သုံးစီးနှင့် ခေါ်သွားကြောင်း သတင်းရရှိပါတယ်” လို့ ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစုက ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစုဘက်က ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးတယ်လို့ ဗိုလ်ကောင်းကင် က MFP ကို ပြောပါတယ်။

“အခု ရေလယ်ကျွန်း ကျေးရွာကို မီးရှို့နေပါပြီ။ အားလုံးလည်း ထွက်ပြေးနေရပါတယ်” လို့ ဗိုလ်ကောင်းကင် က ပြောပါတယ်။

စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့နေဆဲမို့ ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မတ္တရာနယ် ရေလည်ကျွန်းရွာဟာ အိမ်ခြေ(၄၀၀)ကျော် ရှိတဲ့ ရွာကြီးဖြစ်ပြီး စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်တွေနဲ့လည်း ထိစပ်နေကာ စစ်အုပ်စုက မကြာခန ဝင်မွှေလုယက် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

မတ္တရာမြို့နယ် ရေလည်ကျွန်းရွာထဲ စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့နေတာကို ဒီမနက်ပိုင်း တွေ့ရစဉ်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ရေလည်ကျွန်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ