အရာတော်နယ်ထဲမှာ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုကို ပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်လို့ စကစ (၃၀)ကျော် သေဟုဆို

အရာတော်နယ်ထဲမှာ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုကို ပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်လို့ စကစ (၃၀)ကျော် သေဟုဆို

MFP ၊ ဩဂုတ် - ၇

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မင်းရွာမှာ ဩဂုတ်လ (၄)ရက်ကနေ (၆)ရက်အထိ သုံးရက်ကြာအောင် ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုကို ပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက် စကစ (၃၀)ကျော် သေဆုံးခဲ့တယ်လို့ Generation Z Power -GZP ( Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ စကစ (၆၄)ဦးပါတဲ့အုပ်စုဖြစ်ပြီး ပြောက်ကျားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင်း (၃၆)ဦး သေခဲ့တဲ့အတွက် တစ်ဝက်ကျော် သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို GZP အပြင် မဟာမိတ်အဖွဲ့ အစည်းများဖြစ်ကြသော BRTF, MRTF, BRTA, ပုသိမ်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းမူလျှပ်စီးတပ်ဖွဲ့၊ Zero ပြောက်ကျားတပ်ဖွဲ့၊ မုံရွာ ခရိုင်တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း(၆)၊ စစ်ကိုင်းတပ်ရင်း၊ စစ်ကိုင်းတပ်ရင်း(၁)၊ မြောင် Tiger လေးအဖွဲ့၊ GTR အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

GZP ဟာ မန္တလေးမြို့ပေါ်မှာ စစ်အုပ်စုကို အထိနာအောင် ပြောက်ကျားတိုက်ခိုက်ခဲ့တဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

မင်းရွာဟာ အရာတော်မြို့နယ်တောင်ပိုင်းက အိမ်ခြေ တစ်ထောင်နီးပါးရှိတဲ့ ရွာတစ်ခုဖြစ်ပြီး ဩဂုတ်လ (၆)ရက် မနက်မှာ စစ်အုပ်စုက ရွာထဲ စီးနင်းသောင်းကျန်းခဲ့ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလို့ အသက် (၈၀)ကျော်အရွယ် အဖွားတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #မင်းရွာ #စစ်ကြောင်းထိုး #ပူးပေါင်းတိုက်ခိုက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ