စစ်ကိုင်းနှင့် ကချင်အစပ်မှာ တိုက်ပွဲဖြစ်ပြီး စကစ (၂၀)ကျော် သေ၊ တိုက်ပွဲမှာ အထိနာတဲ့ စစ်အုပ်စုက ပြည်သူကို ရန်ပြု ပစ်ခတ်လို့ ကလေးတစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရကာ အိမ် မီးလောင်၊

စစ်ကိုင်းနှင့် ကချင်အစပ်မှာ တိုက်ပွဲဖြစ်ပြီး စကစ (၂၀)ကျော် သေ၊ တိုက်ပွဲမှာ အထိနာတဲ့ စစ်အုပ်စုက ပြည်သူကို ရန်ပြု ပစ်ခတ်လို့ ကလေးတစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရကာ အိမ် မီးလောင်၊

MFP ၊ စက်တင်ဘာ - ၂၃

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်၊ ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းမှာ မနေ့က နေ့လည်ပိုင်း စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုရဲ့ စက်လှေ သုံးစီး နစ်မြုပ်ပျက်စီးသလို စကစ (၂၇)ဦး ထက်မနည်း သေတယ်လို့ မြို့လှ K-PDF က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၂၂)ရက် နေ့လည်(၁)နာရီကျော်က ရွှေကူမြို့နယ် ကျွန်တော်ရွာကနေ မိုးစစ်ရွာဘက် စက်လှေ လေးစီးနဲ့ ဝင်ရောက်လာတဲ့ အင်အား (၁၀၀)ခန့်ပါ တပ်မ (၈၈)လက်အောက်ခံ ခလရ(၇၈)က စစ်အုပ်စုကို မြို့လှ K-PDF တပ်ဖွဲ့တွေက စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အကြမ်းဖက် စစ်ကောင်စီ ခလရ(၇၈)အဖွဲ့အား စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စက်လှေ သုံးစီး နစ်မြုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှ (၂၇) ဦးထက်မနည်း သေဆုံးခဲ့ပြီး ရွှေကူမြို့သို့ ဒါဏ်ရာ ရသူ ငါးဦး သယ်ယူသွား။ အကြမ်းဖက် စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီးများဖြင့် မိုးစစ်ရွာဘက်သို့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး အရပ်သားပြည်သူ လေးဦး ထိခိုက်ခဲ့။ အပြစ်မဲ့ ကလေးငယ် ခုနှစ်နှစ်အရွယ် ကလေး တစ်ဦး သေဆုံး။ မြို့လှ K-PDF တပ်ရင်းဘက်မှ အထိခိုက်မရှိ” လို့ မြို့လှ K-PDF က ဖော်ပြပါတယ်။

တိုက်ပွဲမှာ အထိနာ အသေများတဲ့ စစ်အုပ်စုက အနီးဝန်းကျင်က ဒေသခံ ပြည်သူတွေကို ထင်တိုင်းကျဲ ရန်ပြု သောင်းကျန်း ပစ်ခတ် နေတာကြောင့် အများပြည်သူရဲ့ နေအိမ်တွေ ထပ်မံ ထိခိုက်ပျက်စီးမှု မရှိစေရေး မြို့လှ K-PDF တပ်ဖွဲ့ဝင်တွေက အထက်အမိန့်အတိုင်း ပြန်လည် ဆုတ်ခွာပေးခဲ့တယ်လို့ မြို့လှ K-PDF က ဆိုပါတယ်။

“အကြမ်းဖက် စစ်ကောင်စီ တပ်များနှင့်အတူ အာဏာရှင် စနစ်ဆိုးကြီးကိုပါ မြန်မာ့မြေပေါ်မှ အပြီတိုင် ပျောက်ကွယ် သွားသည်အထိ ဆက်လက်ကြိုးပန်း တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း မိဘပြည်သူများအား အသိပေး ထုတ်ပြန်လိုက်ပါသည်” လို့ မြို့လှ K-PDF က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို မြို့လှ K-PDF တပ်ခွဲ(၁) ဗိုလ်မိုးကြိုး ဦးစီးသော အဖွဲ့ မှ ဒုတပ်ခွဲမှုး တပ်းမှူး ဂဠုန် နှင့် တပ်စုမှူး တပ်မှူးရွှေဒေါင်း၊ တပ်စိတ်မှူး ရွှေအိုး၊ တပ်စိတ်မှူး ပွဲကြီး၊ တပ်စိတ်မှူး ဒူဝံ၊ တပ်စိတ်မှူး ထုံးကြီး၊ အရံအင်အား အဖွဲ့မှ တပ်မှူး ကျားလေး၊ တပ်မှူး မုန်တိုင်း တို့ ဦးဆောင်ပြီး ပါဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွှေကူနယ် တိုက်ပွဲမှာ အထိနာတဲ့ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ရန်ပြု သောင်းကျန်း ပစ်ခတ်တာကြောင့် ရွှေကူမြို့နယ် မိုးစစ်ရွာက အသက် ခုနှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားစဉ်/Photo - မြို့လှ K-PDF

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကချင် #ရွှေကူ #KPDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ