အမရပူရက အိမ်ဆောက်ပစ္စည်းဆိုင်ထဲ စစ်အုပ်စု စီးနင်းဝင်မွှေပြီး အရောင်းစာရေး အမျိုးသားတစ်ဦးကို ဖမ်းဆီး၊ မန္တလေးမြိုု့က စတိုးဆိုင်တစ်ဆိုင်ကိုလည်း စစ်အုပ်စု ဝင်မွှေလုယက် ငွေညှစ်ပြီး အနီးဝန်းကျင်က လူငယ်တွေကို ဖမ်းသွား၊

အမရပူရက အိမ်ဆောက်ပစ္စည်းဆိုင်ထဲ စစ်အုပ်စု စီးနင်းဝင်မွှေပြီး အရောင်းစာရေး အမျိုးသားတစ်ဦးကို ဖမ်းဆီး၊ မန္တလေးမြိုု့က စတိုးဆိုင်တစ်ဆိုင်ကိုလည်း စစ်အုပ်စု ဝင်မွှေလုယက် ငွေညှစ်ပြီး အနီးဝန်းကျင်က လူငယ်တွေကို ဖမ်းသွား၊

MFP၊ အောက်တိုဘာ - ၇

မန္တလေးမြို့၊ အမရပူရမြိုနယ် တမ္ပဝတီရပ်ကွက်က အိမ်ဆောက်ပစ္စည်းဆိုင်ထဲကို မနေ့က နေ့လည်ပိုင်းမှာ စစ်အုပ်စုက စီးနင်းဝင်မွှေ သောင်းကျန်းပြီးနောက် အရောင်းစာရေးဖြစ်သူ ကိုမိုးသီဟဇော်ကို ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အောက်တိုဘာ(၆)ရက် နေ့လည်ပိုင်းမှာ အိမ်စီးကားနဲ့ ရောက်လာတဲ့ စစ်အုပ်စုက အမရပူရမြို့၊ တမ္ပဂတီရပ်ရှိ အိမ်ဆောက်ပစ္စည်းဆိုင်ထဲ စီးနင်းဝင်မွှေ သောင်းကျန်းပြီးနောက် အသက်(၃၀)ဝန်းကျင် ကိုမိုးသီဟဇော်ကို မေးမြန်းစရာ ရှိတယ်လို့ဆိုကာ ဖမ်းခေါ်သွားပြီးနောက် ဒိနေ့အထိ အဆက်အသွယ် မရဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

"မနေ့က နေ့လယ်(၁)နာရီကျော်ကျော်လောက် ဈေးရောင်းနေတုန်း ဝင်ဖမ်းသွားတာ။ လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်သွယ် မရလို စိတ်ပူနေကြတယ်။ ဘယ်ဖမ်းသွားမှန်းလည်း မသိရဘူးလို ပြောတယ်" လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကိုမိုးသီဟဇော်ဟာ ဖမ်းဆီးခံရချိန်မှာ ကျန်းမာရေး ကောင်းမွန်ပြီး စစ်အုပ်စုက ဘာကြောင့်ဖမ်းပြီး ဘယ်မှာ ထားတယ်ဆိုတာ မသိရဘဲ အဆက်အသွယ် ပြတ်နေလို့ မိသားစုတွေ စိုးရိမ် ပုပန်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးသောင်းကျန်းနေပြီး ဒီနေ့ အောက်တိုဘာ(၇)ရက် နေ့လည်ပိုင်းမှာလည်း မန္တလေးမြို့ (၃၇)လမ်းနှင့် (၈၇)လမ်းအနီး၊ ရှမ်းဝိုင်းရပ်ထဲက စတိုးဆိုင်တစ်ဆိုင်ကို အရပ်ဝတ်တွေနဲ့ ဝင်မွှေလုယက် ငွေညှစ်ကာ ဒေသခံ လူငယ် ငါးဦးထက်မနည်း ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရင်ရက်များကလည်း တစ်ယောက်ကို သိန်း(၂၀)နှင့် လာညှိသွားပြီး ပိုက်ဆံမပေး၍ ဖမ်းခံရခြင်း ဖြစ်နိုင်ကြောင်း သိရ” လို့ မန္တလေး မြေပြင်ကင်းထောက်အဖွဲ့ Mdy Revolution က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ လက်နက်အားကိုးနဲ့ ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးငွေညှစ်နေပြီး ဖမ်းမိသူတွေအကြောင်း သတင်းအမှောင်ချထားပါတယ်။

စစ်အုပ်စုက မန္တလေးမြို့မှာ နေ့စဉ် လူဦးရေ ဘယ်လောက် ဖမ်းဆီးပြီး ဘယ်နှဦး ညှဉ်းပန်း သတ်ဖြတ် နေတယ်ဆိုတာ မသိရပေမယ့် မန္တလေး နန်းတွင်း စစ်ကြောရေးမှာ ညှဉ်းပန်း သတ်-ဖြတ်ခံရသူတွေ အများအပြား ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အမရပူရမှာ စစ်အုပ်စုက ဆိုင်ထဲဝင် ဖမ်းဆီးသွားတဲ့ ကိုမိုးသီဟဇော်/Photo – FB

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမရပူရ #စစ်အုပ်စု #ဖမ်းဆီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ