မတ္တရာမှာ လမ်းပိတ်ပြီး မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲရာ သုံးယောက်သေ၊ မိုင်းသတင်း မပေးလို့ဆိုပြီး စစ်အုပ်စုက ရွာထဲ ဝင်မွှေသောင်းကျန်းကာ အိမ်မီးရှို့၊

မတ္တရာမှာ လမ်းပိတ်ပြီး မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲရာ သုံးယောက်သေ၊ မိုင်းသတင်း မပေးလို့ဆိုပြီး စစ်အုပ်စုက ရွာထဲ ဝင်မွှေသောင်းကျန်းကာ အိမ်မီးရှို့၊

MFP ၊ အောက်တိုဘာ - ၂၆

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ တံတားဖြူကျေးရွာမှာ ရွာထိပ် တံတားပေါ် လမ်းပိတ်ပြီး လာသမျှပြည်သူ လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေတယ်လို့ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲက သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၆)ရက် မနက်(၇)နာရီခွဲက မတ္တရာမြို့နယ် တံတားဖြူရွာထိပ် တံတားပေါ်မှာ လမ်းပိတ်ပြီး ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့၊ MDY PDF (Mongoose Squadron)တပ်ခွဲ၊ တိုက်သိမ်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့နဲ့ NGU:FF(မြေခွေးတပ်ဖွဲ့)တို့ ပူးပေါင်းပြီး မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။

တံတားပေါ်မှာရှိနေတဲ့ စစ်အုပ်စုကို မိုင်းဘီလူးတစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက် ပွဲချင်းပြီး သေပြီး နောက်တစ်ယောက်က ဆေးရုံမှာ ထပ်သေတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက တံတားဖြူကျေးရွာထဲ ဝင်မွှေသောင်းကျန်းကာ မိုင်းထောင်ထားတာ သတင်းမပေးတဲ့အတွက် ဆိုပြီး ပြည်သူတွေကို ခြိမ်းခြောက်ညှဉ်းပန်းပြီး အိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အနီးအနားက ကျောက်ဆည်လေးကျေးရွာထဲကိုလည်း စစ်အုပ်စုက ဝင်မွှေသောင်းကျန်းခဲ့ပြီး နေအိမ် သုံးလုံးကို ဆက်လက်မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရွာသားတွေကိုလည်း ခြိမ်းခြောက်သွားတယ်တဲ့၊ ကိုယ့်ရွာနား မိုင်းထောင်တာ မသိဘူးလားပေါ့၊ ဘာလို့ မပြောကြတာတုန်းပေါ့၊ နောက်တခါဆိုရင် တစ်ရွာလုံးကို မီးနဲ့တိုက်ပစ်မယ်လို့ ပြောတယ်တဲ့" လို့ဘ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

မတ္တရာနယ် အရှေ့ပိုင်းက ကျေးရွာတွေထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်နေတာကြောင့် ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ ရွာမှာ မနေဝံ့ဘဲ ထွက်ပြေးနေရပါတယ်။

မတ္တရာနယ်မှာ ယခုတစ်ပါတ်အတွင်း စစ်အုပ်စုက မီးရှို့လို့ နေအိမ်အလုံး (၂၀)ကျော် မီးလောင်ပြာကျခဲ့သလို ပြည်သူ ငါးဦးထက်မနည်း သတ်ဖြတ်ခံထားရပါတယ်။

စစ်အုပ်စုဟာ မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွေ သောင်းကျန်းရာမှာ တွေ့သမျှ ပြည်သူကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ညဘက်တွေမှာလည်း မူးရူးရမ်းကား အကြောင်းမဲ့ သေနတ်ပစ်ဖောက်နေလို့ ထွက်မပြေးနိုင်တဲ့ ဒေသခံပြည်သူတွေလည်း နေ့၊ည မအေးချမ်းဘဲ ထိတ်လန့်ကြောက်ရွံ့နေရတယ်လို့ ဆိုပါတယ်။

မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်ပြီး ခိုးရာပါ ပစ္စည်းတွေကို စစ်အုပ်စုက မန္တလေး နန်းတွင်းဘက် သယ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက တွေ့ရတဲ့ မတ္တရာမြို့ပေါ်တနေရာ/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #စစ်အုပ်စု #တံတားဖြူရွာ #အိမ်မီးရှို့ #မိုင်းဆွဲ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ