မန္တလေး မြို့ပြပြောက်ကျား UG တွေထဲ စစ်အုပ်စု စိမ့်ဝင်နေပြီလား

မန္တလေး မြို့ပြပြောက်ကျား UG တွေထဲ စစ်အုပ်စု စိမ့်ဝင်နေပြီလား

မြတ်နွေဦး/MFP - ဆောင်းပါး

ဩဂုတ် - ၁၂

ဖရဲသီး ဟန်ဆောင်ထားတဲ့ စကစ အင်ဖော်မာ တစ်ယောက်က အဖမ်းခံရတယ်လို့ သတင်းလွှင့်ကာ စခန်းထဲသွားနေပြီး သူနဲ့ ဆက်စပ်ခဲ့သူတွေကို အကုန်ဖော်ထုတ် ဖမ်းခိုင်းလို့ လူငယ်(၂၀)ကျော် အဖမ်းခံရတဲ့ ဖြစ်စဉ်တစ်ခုဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားနယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

မြစ်သားမြို့မှာနေပြီး ကျောက်ဆည် အထည်ချုပ်စက်ရုံတစ်ခုမှာ ဝန်ထမ်းကြိုပို့ကား မောင်းနေတဲ့ အဲဒီ အသက်(၅၀)ဝန်းကျင် စကစ အင်ဖော်မာ အမျိုးသားဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ရည်ရွယ်ချက်ရှိရှိ ဖရဲသီးအဖြစ် ဟန်ဆောင်ပြီး မြစ်သားနဲ့ ကူမဲနယ်က UG တွေ၊ သပိတ်လူငယ်တွေ၊ တော်လှန်ရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာတော့ အဲဒီ အင်ဖော်မာကို ဖရဲသီးလုပ်လို့ စစ်အုပ်စုက ဖမ်းပြီး မန္တလေး နန်းတွင်း စစ်ကြောရေးကို ပို့လိုက်ပြီလို့ သတင်းဖြန့်ကာ သူနဲ့ ဆက်စပ်သူတွေကို စစ်အုပ်စုက ပိုက်စိပ်တိုက် လိုက်လံ ဖမ်းဆီးရာမှာ အမျိုးသမီးတွေ အပါအဝင် လူ(၂၀)ကျော် အဖမ်းခံခဲ့ရတာပါ။

ဖရဲသီး ဟန်ဆောင်ခဲ့တဲ့ အဲဒီ အမျိုးသားဟာ စစ်အာဏာမသိမ်းမီ ယခင်အစိုးရတွေ လက်ထက်ကတည်းက ရဲသတင်းပေး၊ အင်ဖော်မာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အာဏာသိမ်း စစ်အုပ်စုက အဲဒီလူကို ဖမ်းဆီးပြီး မန္တလေး နန်းတွင်း စစ်ကြောရေး ပို့ထားတယ်လို့ သတင်းလွှင့်ပေမယ့် အမှန်တကယ်တော့ အဲဒီလူဟာ ကျောက်ဆည်မြို့က ခမရ(၁၄)ထဲမှာပဲ ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မြစ်သားနှင့် ကူမဲမှာ အဲဒီလို ရဲသတင်းပေးနဲ့ စစ်အုပ်စု ပေါင်းပြီး လနှင့်ချီ အချိန်ယူကာ ဖော်ထုတ်ဖမ်းဆီးတာတွေ လုပ်ခဲ့သလို မန္တလေးတိုင်း ရမည်းသင်းနယ်မှာလည်း CDM ဟန်ဆောင်ထားတဲ့ စကစတစ်ယောက်က စစ်အုပ်စုကို PDF စခန်းခေါ်လာပြီး တိုက်ခိုက်လို့ PDF ရဲဘော်တွေ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ပေမယ့် ရမည်းသင်း Y-PDF တပ်ဖွဲ့ရဲ့ လက်နက်နဲ့ ရိက္ခာ ကျပ်သိန်း(၂၀၀)ဖိုးလောက် ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေ အားကောင်းနေဆဲဖြစ်တဲ့ မန္တလေးမြို့မှာလည်း ကျောက်ဆည်-မြစ်သား ဖြစ်စဉ်လိုမျိုး ခပ်ဆင်ဆင် ဖြစ်ရပ်တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

ယခု ဩဂုတ်လ ပထမပတ်ထဲမှာပဲ မန္တလေးမြို့ပေါ်က တစ်နှစ်ကျော်ကြာ သက်တမ်းရှိပြီဖြစ်တဲ့ မြို့ပြပြောက်ကျား တပ်ဖွဲ့တွေ အပါအဝင် UG အဖွဲ့ သုံးဖွဲ့ထက်မနည်း စစ်အုပ်စုရဲ့ စီးနင်းဖမ်းဆီးတာကို ခံခဲ့ရပြီး UG ရဲဘော် ကိုးဦးထက်မနည်း သ-တ်ဖြ-တ်ခံရကာ (၁၅)ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် ဩဂုတ်(၇)ရက် ညပိုင်းမှာလည်း Mandalay Black King Scorpion (MBKS) ပြောက်ကျားတပ်ဖွဲ့ရဲ့ Safe House (ယာယီနေထိုင်ရာအိမ်) စစ်အုပ်စုရဲ့ စီးနင်းတာ ခံခဲ့ရပြီး MBKS တပ်ဖွဲ့ဝင် ရဲဘော်တိမ်ယံနဲ့ လက်နက်ခဲယမ်းအချို့ ဖမ်းဆီးခံရတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မန္တလေး UG ရဲဘော် အများအပြား ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ ယခင်ကတည်းက ရှိခဲ့ဖူးပေမယ့် တစ်ဖွဲ့တည်းချင်းတွေ ဖမ်းဆီးခံရတာ ဖြစ်ပြီး အခုလိုမျိုး အဖွဲ့ သုံး၊လေးဖွဲ့ ဆက်တိုက် စီးနင်း ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်မျိုးတော့ မရှိခဲ့ဖူးဘူးလို့ မန္တလေးမြို့ခံ UG ရဲဘော်တချို့က MFP ကို ပြောပါတယ်။

မန္တလေးနဲ့ မေမြို့မှာ UG အဖွဲ့ နှစ်ဖွဲ့ ဆက်တိုက် စီးနင်းဖမ်းဆီးခံရပြီး အစုလိုက်အပြုံလိုက် သ-တ်ဖြ-တ် ခံရတဲ့ ဖြစ်စဉ်ရဲ့ ကနဦး အစက MRRF လို့ ခေါ်တဲ့ Myanmar Revolution Ranger Force (MRRF) အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်အောင်မြေ ဖမ်းဆီးခံရမှုပါ။

သြဂုတ်(၁)ရက် မနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင် (၈၆)လမ်းနဲ့ (၈)လမ်းအနီးက နေအိမ်တစ်လုံးမှာ အိမ်ငှားနေတဲ့ MRRF အဖွဲ့ ခေါင်းဆောင် ဗိုလ်အောင်မြေနဲ့ UG အဖွဲ့ဝင်တွေကို သတင်းပေးကြောင့်ဆိုပြီး စစ်အုပ်စုက အင်အားသုံး စီးနင်း ဖမ်းဆီးခဲ့ရမှာ စုစုပေါင်း (၁၀)ဦးခန့် ဖမ်းဆီး ခံခဲ့ရပါတယ်။ ဗိုလ်အောင်မြေနဲ့အတူ ဖမ်းဆီးခံရသူ (၁၀)ဦးဝန်းကျင်လို့ ပြောသူ ရှိသလို တချို့သော UG ရဲဘော်တွေကတော့ ဗိုလ်အောင်မြေနှင့်အတူ ဖမ်းဆီးခံရသူ လေးဦးလို့ ပြောပါတယ်။ ဖမ်းဆီးခံရသူ အရေအတွက် အတိအကျ မသိရသေးပေမယ့် နောက်တနေ့မှာတော့ အဲဒီ ဗိုလ်အောင်မြေနဲ့အတူ ဖမ်းဆီးခံရတဲ့ UG ရဲဘော် သုံးဦးကို စစ်အုပ်စုက သ-တ်ဖြ-တ်ပြီး အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့ပါတယ်။

အဲဒီနောက် ဗိုလ်အောင်မြေနဲ့ ဆက်စပ်ပြီး သြဂုတ်(၂)ရက်၊ သို့မဟုတ် (၃)ရက်မှာ ပြင်ဦးလွင်မြို့မှာ တိမ်းရှောင်နေတဲ့ MSMF ခေါ် Mother Son Mandalay Force ပြောက်ကျားတပ်ဖွဲ့ ဒု-ခေါင်းဆောင် ကိုရှိုင်း (ခ)ကိုနေလင်း နဲ့ UG ရဲဘော်တွေ တည်းခိုခန်းတစ်ခုမှာ ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။

ဗိုလ်အောင်မြေ ဦးဆောင်တဲ့ MRRF အဖွဲ့ဟာ ၂၀၂၂ ထဲရောက်မှသာ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ UG အဖွဲ့ဖြစ်ပါတယ်။ ဗိုလ်အောင်မြေရဲ့ MRRF နဲ့ မရှေးမနှောင်းမှာပဲ ဗိုလ်မြွေပွေး ဆိုသူ ဦးဆောင်တဲ့ Kings Cobra Guerilla Force (KCGF) အဖွဲ့လည်း ပေါ်ပေါက်လာခဲ့ပါတယ်။ MRRF နဲ့ KCGF တို့ဟာ အဖွဲ့ ပေါ်ပေါက်လာပြီးနောက် မကြာမီမှာပဲ UG သက်တမ်း ပိုမိုကြာမြင့်တဲ့ ၂၀၂၁ ကတည်းက ဖွဲ့စည်းထားတဲ့ ဗိုလ်နိုင် ဦးဆောင်တဲ့ MSMF အဖွဲ့နဲ့ ပူးပေါင်းပြီး သုံးပွင့်ဆိုင် မဟာမိတ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

အဲဒီ မန္တလေး UG မဟာမိတ် သုံးဖွဲ့ထဲမှာ ဗိုလ်နိုင်ဦးဆောင်တဲ့ MSMF အဖွဲ့ဟာ မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ လအတော်ကြာပြီ ဖြစ်ပါတယ်။ MSMF ၊ MRRF နဲ့ KCGF တို့ သုံးဖွဲ့ ပေါင်းကာ မဟာမိတ် ဖွဲ့စည်းပြီးနောက် မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပေမယ့် ထိရောက်ပြင်းထန်မှု နည်းပါးခဲ့ပါတယ်။

ဒါ့အပြင် MRRF ခေါင်းဆောင် ဗိုလ်အောင်မြေ အဖမ်းခံရပြီးနောက် မဟာမိတ် နှစ်ဖွဲ့ဖြစ်တဲ့ KCGF နဲ့ MSMF တပ်ဖွဲ့တွေ တိမ်းရှောင်ကြရာမှာလည်း KCGF ခေါင်းဆောင် ဗိုလ်မြွေပွေး အဖွဲ့က လွတ်မြောက်သွားပြီး MSMF ဒု-ခေါင်းဆောင် ကိုရှိုင်း အပါအဝင် UG ရဲဘော်တွေ အများအပြား ဖမ်းဆီးခံရကာ စစ်အုပ်စုက ဖမ်းမိသူတွေကို သ-တ်ဖြ-တ် ခဲ့ပါတယ်။ သြဂုတ်(၁)ရက်ကတည်းက မန္တလေးမှာ ပထမဆုံး ဖမ်းဆီးခံရတဲ့ ဗိုလ်အောင်မြေကို စစ်အုပ်စုက သ-တ်ဖြ-တ်လိုက်ပြီလို့ စစ်လော်ဘီတွေက ဖော်ပြကြပေမယ့် MFP က လိုက်လံစုံစမ်းသမျှ ဗိုလ်အောင်မြေ ဟုတ်၊ မဟုတ် အသေးစိတ် အတည်ပြုနိုင်သူ မရှိပါဘူး။ ဗိုလ်အောင်မြေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ သုံးဖွဲ့မှာလည်း ဗိုလ်အောင်မြေနဲ့ အတူတူ ပေါ်ပေါက်လာတဲ့ ဗိုလ်မြွေပွေးကသာ ဗိုလ်အောင်မြေ ကျဆုံးတယ်ဆိုတာ အတည်ပြုပေးပြီး ကျန်တဲ့ MSMF ခေါင်းဆောင် ဗိုလ်နိုင်ကတော့ ဗိုလ်အောင်မြေကို အပြင်မှာ မတွေ့ဖူးဘူးလို့ ဆိုပါတယ်။ ဗိုလ်အောင်မြေနဲ့ တွေ့ဆုံဖူးတဲ့ MSMF ဒု-ခေါင်းဆောင် အပါအဝင် MSMF တပ်ဖွဲ့ဝင်အများစုကတော့ ဗိုလ်အောင်မြေနဲ့အတူ စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံရပြီး နောက်ပိုင်းမှာ သ-တ်ဖြ-တ် ခံလိုက်ရပြီလို့ ယူဆရပါတယ်။

ဘာကြောင့် မန္တလေးက မြို့ပြပြောက်ကျား UG တွေဆက်တိုက် ဖမ်းဆီးခံနေရတာလဲ။

နွေဦးတော်လှန်ရေးကာလအတွင်း မန္တလေးမြို့မှာ မြို့ပြပြောက်ကျား UG တွေကို စတင်သိရှိခဲ့ကြရတာ ၂၀၂၁ ခုနှစ်၊ ဇွန်(၂၂)ရက်လို့ ဆိုရမှာပါ။

အဲဒီနေ့က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် (၅၄)လမ်းပေါ်က နေအိမ်တစ်လုံးမှာ နေထိုင်တဲ့ People’s Defense Force - Mandalay (MDY-PDF)ရဲ့ ရဲဘော်တွေကို စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် စစ်အုပ်စုဘက်က စစ်ကြောင်းမှူးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူ အပါအဝင် သေဆုံးထိခိုက်သူတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်အုပ်စုက MDY-PDF ရဲဘော်တွေကို RPG နဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲဒီ ဖြစ်စဉ်မှာ တော်လှန်ရေး ရဲဘော်တွေဘက်ကလည်း ရှစ်ဦး ကျဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ အချို့လည်း ရှိခဲ့ပါတယ်။ အဲဒါဟာ မန္တလေးမြို့ပေါ်က UG တွေ ဖမ်းဆီးခံရတာ၊ သေဆုံးတာ ပထမဆုံး ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

အဲဒီနောက်ဆက်တွဲအဖြစ် MDY-PDF က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်နဲ့ အဖွဲ့ဝင် ဗိုလ်မိုးတိမ်တို့ ဖမ်းဆီးခံခဲ့ရပြီး သူတို့ကို ထုတ်ဖော်ချက်တွေအရ နောက်ဆက်တွဲ ဖမ်းဆီးခံရသူတွေ ရှိခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။

ဗိုလ်ထွန်းတောက်နိုင်ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီ၊ သတင်းပေးလုပ်သွားပြီ၊ အစကတည်းက စစ်အုပ်စုဘက်က ထင်တယ် ဆိုတဲ့ ဝေဖန်သံတွေလည်း အဲဒီတုန်းက ထွက်ပေါ်ခဲ့ပါတယ်။

“ ဗိုလ်ထွန်းတောက်နိုင်က ကျွန်တော်တို့အဖွဲ့အတွက် တကယ်ကို အားကိုးခဲ့ရတဲ့သူပါ၊ နိုင်ငံရပ်ခြားကအထိ အလှူငွေတွေ ရအောင် လုပ်ပေးခဲ့တယ်။ တော်လှန်ရေး အစပိုင်းမှာကတည်းက အားစိုက်ပြီး လုပ်ပေးခဲ့တာပါ။ အဖမ်းခံရပြီးတဲ့နောက်မှာတော့ သူထုတ်ဖော်ပြောတာတွေကလည်း သူဘက်ပြောင်းသွားတာမျိုးတော့ မဟုတ်ပါဘူး။ အသက်အန္တရာယ်တွေကြောင့် ထုတ်ဖော်ပြာရတာမျိုးလို့ပဲ မြင်ပါတယ် “ လို့ MDY-PDF ခေါင်းဆောင် ဗိုလ်နက္ခတ်က MFP ကို ပြောပါတယ်။

ဗိုလ်ထွန်းတောက်နိုင်တို့ ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာတော့ နောက်ဆက်တွဲအဖြစ် ဖမ်းဆီးခံရတဲ့ MDY-PDF အဖွဲ့ဝင်တွေဟာ ဆယ်ဂဏန်းအထိ ရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအချိန်တုန်းက မန္တလေးမြို့ပေါ်မှာ ရှိနေတဲ့ UG ရဲဘော် အရေအတွက်နဲ့ လက်ရှိ အရေအတွက်က ကွာခြားသလို လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်နိုင်မှုကလည်း လွန်ခဲ့တဲ့ တစ်နှစ်ကျော်နဲ့ လက်ရှိအခြေအနေက ခြားနားမှုတွေ ရှိပါတယ်။

MDY – PDF ရဲဘော်တွေ အများအပြား ဖမ်းဆီးခံရပြီး ကျဆုံးသူတွေ ရှိခဲ့ပေမယ့် မန္တလေးမြို့ရဲ့ အာဏာရှင် တွန်းလှန်စိတ်ကတော့ ပျောက်ကွယ် မသွားပါဘူး။ မန္တလေးမြို့မှာ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြောက်ကျားတပ်ဖွဲ့တွေ အစီအရီ ထပ်မံ ပေါ်ပေါက်လာခဲ့ပါတယ်။

၂၀၂၁ အတွင်း မန္တလေးမှာ ထပ်မံ ပေါ်ပေါက်လာတဲ့ UG အဖွဲ့တွေအနက် GZP လို့ခေါ်တဲ့ Generation Z Power ပြောက်ကျားတပ်ဖွဲ့၊ Ranger of Mandalay (ROM) တို့ဟာ စစ်အုပ်စုကို အထိနာအောင် တိုက်ခိုက်ခဲ့နိုင်ခဲ့တဲ့ အဖွဲ့တွေဖြစ်ပြီး နောက်ထပ် လက်သံပြောင်ခဲ့တဲ့ အဖွဲ့တွေလည်း ရှိပါတယ်။

“ အဖွဲ့တွေက တော်တော်များတယ်။ တချို့က မဟာမိတ်အဖွဲ့ ပူးပေါင်း လုပ်ဆောင်နေကြသလို တချို့ကတော့ တစ်ဖွဲ့တည်း ပွဲ က,တာတွေ တွေ့ရတယ်။ ပြည်သူအနေနဲ့ကတော့ သူတို့ဘယ်လိုပဲ ပွဲက,က ပွဲလှတာပဲ မြင်ချင်ကြတာပေါ့ “ လို့ မန္တလေးမြို့ခံ၊ ထောက်ပို့ ရဲဘော် ကိုဝေက ပြောပါတယ်။

မန္တလေးမြို့ဟာ စစ်အုပ်စုကို ဒီနေ့အထိ မြေပြင်ပေါ်ထွက် ဆန့်ကျင်ဆန္ဒပြနေတဲ့ မြို့တစ်မြို့ဖြစ်သလို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ မြေပြင်သပိတ်အဖွဲ့ (၁၅)ဖွဲ့ ပေါင်းစည်းထားတဲ့ မန္တလေးသပိတ် အင်အားစုက မြေပြင်သပိတ်တွေကို ဦးဆောင်နေပြီး သံဃသမဂ္ဂ ဆရာတော်တွေရဲ့ ပရိတ်ရွတ် မေတ္တာပို့တဲ့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်းဟာဆိုရင်လည်း ရက်ပေါင်း (၅၅၀)နီးပါး ရှိလာတဲ့အထိ နေ့စဉ် မပျက်မကွက် လုပ်ဆောင်နေကြတုန်းပါ။

ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ကိုသူရအောင် အပါအဝင် ဖမ်းဆီးခံထားရတဲ့ သပိတ်အဖွဲ့ဝင်တွေဟာ (၂၀)ဦးထက်မနည်း ရှိတယ်လို့ သပိတ်တာဝန်ရှိသူတွေက ပြောပါတယ်။

မန္တလေးမြို့မှာ သပိတ်အဖွဲ့တွေအပြင် UG ပြောက်ကျားတပ်ဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံထားရတာ ရာဂဏန်း ရှိနေပြီလို့ တော်လှန်ရေးရဲဘော်အချို့က ဆိုပါတယ်။

ဒါဟာ နွေဦးတော်လှန်ရေးစတင်ပြီးနောက် လက်နက်ဆွဲကိုင်တော်လှန်ကြတဲ့အချိန်ကစပြီး မန္တလေးမြို့မှာ ဖမ်းဆီးခံရတဲ့ ပြောက်ကျားရဲဘော်တို့ရဲ့ အခြေအနေဖြစ်ကာ အရေအတွက် အတိအကျကိုတော့ မသိရပါဘူး။ စစ်အုပ်စုကလည်း ဖမ်းဆီးထားသူတွေရဲ့ အခြေအနေတွေကို သတင်းအမှောင်ချထားပါတယ်။

စစ်အုပ်စုဟာ ဖမ်းမိသူတွေကို တည်ကြက်အဖြစ်ထားပြီး နောက်ထပ်ဆက်စပ်သူတွေကို မေးမြန်းဖမ်းဆီးမှုတွေလည်း ရှိပြီး UG တစ်ယောက် အဖမ်းခံရရင် အပြင်မှာ ကျန်ခဲ့တဲ့သူတွေက အမြန်ဆုံး ရှောင်တိမ်းတာ အကောင်းဆုံးပဲလို့ တော်လှန်ရေးရဲဘော်တွေက သတိပေးပါတယ်။

“ မခံချင်စိတ်နဲ့ တော်လှန်ကြတဲ့ ကျောင်းသားတွေလေ၊ စစ်သားအစစ်တွေ မဟုတ်ကြဘူး။ စစ်ကြောရေးမှာ နှိပ်စက်တဲ့ဒဏ်ကို မခံစားနိုင်ကြတဲ့အချိန် ပြောလိုက်ကြမှာပဲ၊ အဲဒါ သူတို့အပြစ်လည်း မဟုတ်ပါဘူး “ လို့ MDY – PDF ခေါင်းဆောင် ဗိုလ်နက္ခတ်က သူအမြင်ကို ပြောပါတယ်။

နောက်ပြီး ထောက်ပံ့မှုနည်းတဲ့ UG တွေဟာ လိုအပ်တဲ့ပစ္စည်းတွေအတွက် အလှူငွေရဖို့ ရှာကြံရင်း ဖမ်းဆီးခံရမှုတွေ ရှိတယ်လို့လည်း တော်လှန်ရေးရဲဘော်တွေက ဆိုကြပါတယ်။

“ UG တွေ အဖမ်းခံရတဲ့အထဲမှာ ပေ့ချ်မှာတင်ပြီး အလှူခံတာက အဓိက ကျတယ်။ အဲလို အလှူမခံနဲ့၊ ယုံကြည်ရသူနဲ့ cb (ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာ) ကနေပဲ လုပ်၊ ပေ့ချ်မှာတင်ပြီး အလှူခံရင်တော့ စစ်ခွေးတွေက ခြေရာခံရင် သုံးလမကြာဘူး ဖမ်းမှာပဲ။ အသွင်ယူမှာပေါ့၊ ပထမ တစ်သောင်းလှူမယ်၊ နှစ်သောင်းလှူမယ်၊ ဖုန်းနံပါတ်ယူမယ်၊ နောက် အပြင်မှာ လက်ဖက်ရည်ဆိုင်ချိန်းမယ်၊ အဲဒီကနေ အဖမ်းခံရမှာပဲ၊ ပေ့ချ်မှာတင်ပြီး ကြွားဝါတာတွေ မလုပ်စေချင်ဘူး “ လို့ MSMF ခေါင်းဆောင် ဗိုလ်နိုင်က ပြောပါတယ်။

မြို့ပြပြောက်ကျား ရဲဘော်တွေ အနေနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ Live လွှင့်တာ၊ ပုံတင်တာတွေ ရှောင်ကြဉ်ဖို့အပြင် ဖုန်းနံပါတ် ပြောင်းသုံးတာမျိုးတွေလည်း လုပ်ဆောင်ပြီး ကိုယ့်လုံခြုံရေးကို ဂရုစိုက်သင့်တယ်လို့လည်း ဗိုလ်နိုင်က ဆိုပါတယ်။

နောက်တစ်ခုကတော့ စစ်အုပ်စုဘက်က အသွင်ယူဖွဲ့စည်းထားတဲ့ ပြောက်ကျားအဖွဲ့တွေဖြစ်ပြီး အဲဒီအဖွဲ့တွေဟာ မထိရောက်တဲ့ တိုက်ခိုက်မှု မစ်ရှင်တွေပြုလုပ်ကာ ဖေ့စ်ဘွတ်ခ်မှာ လူအများ စိတ်ဝင်စားအောင် တင်ပြတာမျိုးတွေ လုပ်ပြီး သုံးလေးကြိမ် တင်ပြပြီးတဲ့နောက် ပြည်သူဆီ အလှူခံတာမျိုးတွေ လုပ်ကာ သတင်းရယူတာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

“ ရှင်းရှင်းပြောရင် အတုအယောင် UG အဖွဲ့ပေါ့။ ပြည်သူတွေကတော့ မစ်ရှင်တွေလည်း လုပ်ထားတဲ့အဖွဲ့ဆိုတော့ အစစ်ထင်ကြမယ်။ တကယ်တော့ ဆိုက်ဝါး လွှင့်ထားတာ၊ တကယ်လုပ်တဲ့ အဖွဲ့တွေ မဟုတ်ဘူး။ အတုတွေရှိတယ်လို့ ဆိုလိုတာပါ။ တကယ် အစစ်တွေလည်း ရှိပါတယ်။ တစ်ကြိမ်လောက် လုပ်တယ်။ သုံးလလောက် ပျောက်ပြီးမှ ပြန်ပေါ်လာတဲ့ အဖွဲ့တွေလည်း ရှိပါတယ် “ လို့ MSMF ခေါင်းဆောင် ဗိုလ်နိုင်က ရှင်းပြပါတယ်။

အဲဒီအဖွဲ့တွေဟာ UG အဖွဲ့အစစ်တွေနဲ့ ချိတ်ဆက်ပြီး လှုပ်ရှားမှုတွေကို စစ်အုပ်စုဘက် တန်ပြန် သတင်းပေးတာတွေကိုလည်း လုပ်ဆောင်တယ်လို့ ဗိုလ်နိုင်က သတိပေးပါတယ်။

“ ပြည်သူတွေအနေနဲ့ မစ်ရှင်လုပ်ပြတဲ့ စာထုတ်တဲ့ အဖွဲ့တိုင်းကို မယုံပါနဲ့၊ လှူချင်တယ်ဆိုရင် ကိုယ်ယုံကြည် စိတ်ချရတဲ့ အဖွဲ့အစည်းတွေကို မေးပါ၊ ဒီအဖွဲ့က တကယ်လား၊ စိတ်ချရတဲ့အဖွဲ့လား ဆိုတာကို၊ ဒီအဖွဲ့က အစစ်လား အတုလားဆိုတာ UG အချင်းချင်း သိတယ် “ လို့လည်း ဗိုလ်နိုင်က ဆက်ပြောပါတယ်။

ဖမ်းဆီးခံရသူတွေ ရှိနေပေမယ့် မန္တလေးမြို့ရဲ့ ပြောက်ကျားတော်လှန်မှုကတော့ လျော့ကျသွားမှာ မဟုတ်ဘဲ မြန်မာ့နွေဦး တော်လှန်ရေး ပြီးဆုံးအောင်မြင်တဲ့အထိ ဆက်လက် တည်ရှိနေမှာလို့ MDY-PDF ခေါင်းဆောင် ဗိုလ်နက္ခတ်က ဆိုပါတယ်။

အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာ၊ ကျဆုံးသွားတာတွေ ရှိနေတဲ့ MSMF ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နိုင်ကတော့ တော်လှန်ရေး အောင်မြင်ဖို့ UG တွေလုပ်ဆောင်ရမယ့် အရေးကြီး အချက်တစ်ခုကို အခုလို သတိပေးရင်း ပြောဆိုပါတယ်။

“ ပြောက်ကျားစနစ် တိုက်တယ်ဆိုတာ လူမသိလေ ကောင်းလေပဲ၊ လူမသိလေ ကိုယ့်အတွက် အသက်အန္တရာယ် ကင်းရှင်းလေ၊ အောင်ပွဲလည်း ရလေပဲ “

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးမြို့ပြပြောက်ကျား #MDYUG #မန္တလေးUG

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ