ရွှေကူမှာ မြို့လှ KPDF နှင့် စစ်အုပ်စု နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပြီး စကစ သုံးယောက်သေ၊ ဒဏ်ရာရသူများ၊

ရွှေကူမှာ မြို့လှ KPDF နှင့် စစ်အုပ်စု နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပြီး စကစ သုံးယောက်သေ၊ ဒဏ်ရာရသူများ၊

MFP ၊ စက်တင်ဘာ - ၆

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်၊ ရွှေကူမြို့နယ်ထဲမှာ မြို့လှ KPDF တပ်ဖွဲ့နှင့် စစ်အုပ်စုကြား နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒီမနက်ပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စကစ သုံးယောက်သေပြီး ငါးယောက် ထက်မနည်း ဒဏ်ရာရတယ်လို့ မြို့လှ KPDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၆)ရက် မနက်(၈)နာရီကျော်က ရွှေကူမြို့နယ် သာယာကုန်းရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“အင်အား (၇၃)ဦးပါ အကြမ်းဖက်စစ်ကောင်စီတပ်၊ ခလရ (၇၇) စစ်ကြောင်းမှူး မုတ်ဆိတ် ဦးဆောင်သော အဖွဲ့သည် ရွှေကူမြို့နယ် မြိုင်ယာကျွန်းမှ သာယာကုန်းရွာ ဘက်သို့ ခြေလျှင် စစ်ကြောင်းထိုးလာစဉ် မြို့လှ KPDF တပ်ခွဲ (၁) ဗိုလ်မိုးကြိုး ဦးဆောင်သော တပ်စိတ်မှူး လင်းဝါ ပါဝင်သော အဖွဲ့မှ မြိုင်ယာကျွန်းနှင့် သာယာကုန်းရွာ ကြားတွင် မိုင်းအကြီး၊ အငယ်၊ လေယာဉ်မိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်မှ မိုင်းကွင်းအတွင်း ဝင်ရောက်လာရာ သုံးဦး နေရာမှာတင် သေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ဒဏ်ရာ အသီးသီး ရရှိသွားခဲ့သည်” လို့ မြို့လှ KPDF က ဖော်ပြပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ သာယာကုန်းရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်ပြီး ဝင်ရောက် သောင်းကျန်းတာကြောင့် အသက်(၆၀)ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦး ပေါင်မှာ လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာရခဲ့သလို သာယာကုန်းရွာထဲက နေအိမ် သုံးလုံးကိုလည်း လုယက် ဖျက်ဆီး မီးရှို့ သွားခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ(၅)ရက် မနေ့က ညနေပိုင်းကလည်း ရွှေကူမြို့နယ် သာယာကုန်းရွာနှင့် မင်းကျောင်းကုန်း ရွာကြားမှာ မြို့လှ K-PDF တပ်ရင်း တပ်ခွဲ(၁) ဗိုလ်မိုးကြိုး ဦးဆောင်တဲ့ အဖွဲ့နှင့် စစ်အုပ်စုရဲ့ တပ်မ(၈၈)လက်အောက်ခံ ခလရ(၇၇)အဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ မြို့လှ KPDF က သတင်း ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ် ရွှေကူနယ်ထဲမှာ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ မကြာခဏ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ရွှေကူမြို့နယ် သာယာကုန်းရွာထဲ စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့သွားတဲ့ နေအိမ်တစ်လုံး/Photo - မြို့လှ KPDF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကချင် #ရွှေကူ #ဧရာဝတီ #မြို့လှKPDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ