၀မ်းတွင်းမှာ စစ်ကား မိုင်းဆွဲခံရတဲ့ ဖြစ်စဉ် ကြေးနန်းစာ ပေါက်ကြားလို့ဆိုပြီး စကစ ၀န်ထမ်း (၂၀)နီးပါး ဖမ်းဆီးခံရ

၀မ်းတွင်းမှာ စစ်ကား မိုင်းဆွဲခံရတဲ့ ဖြစ်စဉ် ကြေးနန်းစာ ပေါက်ကြားလို့ဆိုပြီး စကစ ၀န်ထမ်း (၂၀)နီးပါး ဖမ်းဆီးခံရ

မန

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ဩဂုတ်လ (၁၃)ရက်နေ့က စစ်အုပ်စုရဲ့ ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ နာမည်ပါတဲ့ ကြေးနန်းစာ ပေါက်ကြားတာကြောင့် မြို့နယ် ပြန်ဆက်၊ ရဲနဲ့ ထွေအုပ်ဝန်ထမ်းတွေ (၂၀)ဦးခန့်အထိ စစ်အုပ်စုက ဖမ်းဆီးစစ်ဆေးနေတယ်လို့ Voice of Wundwin က ဖော်ပြပါတယ်။

ရန်ကုန်- မန္တလေး လမ်းဟောင်း၊ ဝမ်းတွင်းမြို့နယ်၊ ဘုရားစုရွာနဲ့ ဒိုင်ကောင်းကုန်းရွာကြားမှာ စကစ(၈၀) ဦးလောက် လိုက်ပါလာတဲ့ စစ်ကားအကြီး နှစ်စီးကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာကြောင့် စကစ လေးယောက်သေပြီး (၁၂)ယောက် ဒဏ်ရာရတယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ - WTRF က သတင်း ထုတ်ပြန်ပါတယ်။

အဲဒီဖြစ်စဉ်ကို တင်ပြတဲ့ကြေးနန်းစာမှာတော့ ကူမဲသံချပ်ကာတပ်ရင်းက သင်တန်းဆင်းပြီး ပြန်လာတဲ့ အမှတ် (၅၀၁၀) တင့်ကားတပ်ရင်း၊ အမှတ် (၆၀၀၄) သံချပ်ကာယန္တရားတပ်ရင်း၊ အမှတ် (၇၀၁၀) သံချပ်ကာယန္တရားတပ်ရင်းတို့က ဒုအရာခံဗိုလ်တစ်ယောက်အပါအဝင် တစ်ယောက်သေပြီး ခြောက်ယောက် ဒဏ်ရာရကာ ဝမ်းတွင်းဆေးရုံမှာ ကုသနေရတယ်လို့ ဖော်ပြထားပါတယ်။

ဒီကြေးနန်းစာ ပေါက်ကြားမှုကြောင့် စစ်ဆေးခံနေရတဲ့ စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းတွေရဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးပါဘူး။

အဲဒီဝန်ထမ်းတွေနဲ့ အဆက်အသွယ် ယူသူတွေ၊ သူတို့ရဲ့ဖုန်းကို ဆက်သွယ်မယ့်ဖုန်းတွေကို စစ်အုပ်စုက စောင့်ဆိုင်းနေတယ်လို့လည်း VOW က ဆက်လက်ဖော်ပြထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝမ်းတွင်း #မိုင်းဆွဲတိုက်ခိုက် #ကြေးနန်းစာ #ပေါက်ကြား

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ