မန္တလေးမြို့လည်၊ (၇၃)လမ်းပေါ်မှာ စစ်အုပ်စုက နှစ်ညဆက် ပြည်သူကို ပစ်ခတ်သတ်ဖြတ် သောင်းကျန်း၊ မန္တလေး ကန်တော်ကြီးပတ်လမ်းမှာ မနေ့က အလောင်းတွေ့ပြီး ညပိုင်းအထိ အလောင်းကောက်သူ မရှိ၊

မန္တလေးမြို့လည်၊ (၇၃)လမ်းပေါ်မှာ စစ်အုပ်စုက နှစ်ညဆက် ပြည်သူကို ပစ်ခတ်သတ်ဖြတ် သောင်းကျန်း၊ မန္တလေး ကန်တော်ကြီးပတ်လမ်းမှာ မနေ့က အလောင်းတွေ့ပြီး ညပိုင်းအထိ အလောင်းကောက်သူ မရှိ၊

MFP ၊ အောက်တိုဘာ - ၂၄

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၃၅)လမ်းအနီး၊ (၇၃)လမ်းပေါ်မှာ ညအချိန် ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက နှစ်ညဆက်တိုက် လမ်းသွားလမ်းလာတွေကို သေနတ်နဲ့လိုက်လံပစ်ခတ် သတ်ဖြတ်ပြီး အော်ဟစ်ဆဲဆို ရမ်းကားသောင်းကျန်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ (၂၂) ရက် ည(၁၀) နာရီဝန်းကျင်က မန္တလေးမြို့ (၇၃)လမ်းနဲ့ (၃၅)လမ်းထောင့် မီးပွိုင့်မှာ စစ်အုပ်စုက လာသမျှ ကား၊ ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်နေချိန် အရှိန်နဲ့မောင်းလာတဲ့ ကားတစ်စီးကို တားဆီးတာ ရပ်မပေးလို့ဆိုပြီး သေနတ်နဲ့ ဝိုင်းပစ်ခတ်လို့ ယာဉ်မောင်း သေဆုံးခဲ့ကာ အလောင်းလာကောက်သူကိုပါ သတ်မယ်လို့ မူးရူးအော်ဟစ် ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က အောက်တိုဘာ (၂၃) ရက် ညသန်းခေါင်ကျော်အချိန်မှာလည်း (၇၃)လမ်းနဲ့ (၃၈) ဒေါ်အောင်ဆန်းစုကြည်လမ်းပေါ် ဆိုင်ကယ်မောင်းလာသူ နှစ်ဦးကို စစ်အုပ်စုက သေနတ်နဲ့ လိုက်လံပစ်ခတ်ကာ ဖမ်းဆီးတဲ့အပြင် ဆဲဆိုရိုက်နှက်ပြီး အနီးက စစ်တပ်ဝင်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ယမန်နေ့ညက စစ်အုပ်စုက သတ်ဖြတ်လိုက်တဲ့ ယာဉ်မောင်းအမျိုးသားနဲ့ မနေ့က စစ်အုပ်စုက ပစ်ခတ်ရိုက်နှက် ဖမ်းဆီးသွားတဲ့ အမျိုးသားနှစ်ဦးနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

စစ်အုပ်စုက မန္တလေးမြို့အနှံ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ် သောင်းကျန်းနေသလို စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူတွေ၊ ထောင်ထွက်လူမိုက်တွေကလည်း ပြည်သူကို ရန်ပြု သောင်းကျန်းနေပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လုယက်မှု၊ သတ်ဖြတ်မှု၊ ဓားပြမှုတွေလည်း ဆက်တိုက်ဖြစ်ပွားနေပြီး ဒီနေ့ အောက်တိုဘာ (၂၄) ရက် မနက်ပိုင်း မန္တလေးမြို့သစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၁၃၉)လမ်း၊ (၅၇)လမ်းနဲ့ (၅၈)လမ်းကြားမှာ အသက် (၂၀) ဝန်းကျင် အမျိုးသားတစ်ဦး ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ လဲကျနေတာကို တွေ့ရပြီး လူနာတင်ကားနဲ့ ခေါ်ဆောင်သွားကာ သေဆုံးခြင်း ရှိ၊မရှိကိုတော့ မသိရသေးပါဘူး။

အောက်တိုဘာ (၂၃) ရက် မနက်ပိုင်းမှာလည်း မန္တလေး ကန်တော်ကြီးပတ်လမ်း သံဃာဆေးရုံအနီးမှာ မျက်လုံးကို ပုဆိုးစနဲ့ စည်းခံထားရပြီး လည်ပင်းပြတ်ရှ ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် (၅၀) ဝန်းကျင် အမျိုးသားတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး ညပိုင်းအထိ အလောင်း လာကောက်သူ မရှိဘူးလို့ မြို့ခံ မြေပြင်ကင်းထောက်အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်အုပ်စု #နှစ်ညဆက်ရမ်းကား #ပစ်ခတ်ဖမ်းဆီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ