မတ္တရာနယ် ဧရာဝတီမြစ်ကြောင်းမှာ ရေယာဉ်တွေ ညပိုင်း မသွားလာကြဖို့ PDF က သတိပေး၊

မတ္တရာနယ် ဧရာဝတီမြစ်ကြောင်းမှာ ရေယာဉ်တွေ ညပိုင်း မသွားလာကြဖို့ PDF က သတိပေး၊

MFP ၊ စက်တင်ဘာ - ၁၆

မန္တလေးတိုင်း မတ္တရာမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတချို့မှာ စစ်အုပ်စုက စီးနင်းအထိုင်ချပြီး လုယက်သောင်းကျန်း နေတာကြောင့် ဒေသခံပြည်သူတွေနှင့် ခရီးသွား စက်လှေတွေ၊ မော်တော်ရေယာဉ်တွေ အနေနဲ့ ညအချိန် ဧရာဝတီမြစ်ထဲ ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ မတ္တရာနယ် ညီအစ်ကို တော်လှန်ရေးအဖွဲ့ - ABRF Madaya က သတိပေးချက် ထုတ်ပြန်ပါတယ်။

မြစ်ကြောင်းတစ်လှောက် သွားလာလုပ်ကိုင် စားသောက်နေတဲ့ စက်လှေ၊ မော်တော်နဲ့ ရေလုပ်သားတွေ အနေနဲ့ ည (၈) နာရီကနေ မနက် (၅) နာရီအတွင်း မသွားလာကြဖို့၊ မြစ်ရိုးတလျှောက် ကျေးရွာနေ ပြည်သူတွေကလည်း စကစတွေ ဝင်လာခဲ့ရင် သူတို့နဲ့ နီးကပ်စွာ နေထိုင်တာ မလုပ်ကြဖို့နဲ့ စကစ လိုရာခရီးကို ပို့ဆောင်နေတဲ့ စက်လှေနဲ့ မော်တော်တွေလည်း လိုက်လံပို့ဆောင်တာ မလုပ်ကြဖို့ အသိပေး ထုတ်ပြန်တာလို့ ဆိုပါတယ်။

စက်တင်ဘာ(၉)ရက်က စတင်ပြီး မတ္တရာနယ် ဧရာဝတီမြစ် ရေလည်ကျွန်းရွာမှာ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ ငါးရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ရေလည်ကျွန်း၊ ဧကျွန်းနှင့် ရှင်လှရွာတွေထဲ စီးနင်းအထိုင်ချနေဆဲ ဖြစ်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး မန္တလေး၊ စစ်ကိုင်းနဲ့ ကချင်ဒေသကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့တာတွေ၊ မြစ်ကမ်းဘေး ရွာတွေကို ဝင်မွှေလုယက် သောင်းကျန်းတာတွေ လုပ်ဆောင်နေပါတယ်။

ထုတ်ပြန်ချက်တွေကို မလိုက်နာတဲ့သူတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့လည်း ABRF Madaya က ဖော်ပြထားပါတယ်။

မတ္တရာနယ် မြစ်ကမ်းဘေး ကျေးရွာတစ်ရွာ/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ဧရာဝတီမြစ်ကြောင်း #ရေယာဉ် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ