မန္တလေးအိုးဘိုထောင်မှာ စစ်အုပ်စုက နိုင်/ကျဥ်းတွေကို အငြိုးထားဖိနှိပ်နေပြီး အကြောင်းပြချက်မရှိ တိုက်ပိတ်တာတွေ လုပ်နေ၊

မန္တလေးအိုးဘိုထောင်မှာ စစ်အုပ်စုက နိုင်/ကျဥ်းတွေကို အငြိုးထားဖိနှိပ်နေပြီး အကြောင်းပြချက်မရှိ တိုက်ပိတ်တာတွေ လုပ်နေ၊

MFP ၊ အောက်တိုဘာ - ၁၄

မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို အငြိုးထား ဖိနှိပ်နေပြီး နိုင်/ကျဥ်းတချို့ကို အကြောင်းပြချက်မရှိဘဲ တိုက်ပိတ်တာတွေ လုပ်နေတယ်လို့ ထောင်တွင်းက ပေးပို့တဲ့စာတစ်စောင်မှာ ဖော်ပြထားပါတယ်။

မန္တ​လေး အိုးဘိုထောင်မှာ အကြောင်းပြချက်မရှိ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေး အကျဥ်းသားတွေ များစွာ ရှိနေတဲ့အတွက် ပြန်ထုတ်ပေးဖို့ တရားဝင်နည်းလမ်းနဲ့ တောင်းဆိုခဲ့ပေမယ့် တောင်းဆိုသူတွေကိုပါ ပြစ်ဒဏ်တိုက်ထဲ ထည့်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၃) ရက်ကလည်း စစ်ကောင်စီ သစ္စာခံ ထောင်ဝန်ထမ်းတွေက နိုင်/ကျဉ်း အမျိုးသမီးတစ်ဦးကို အကြောင်းပြချက်မရှိဘဲ ပြစ်ဒဏ်တိုက်ထဲ ထည့်ခဲ့တယ်လို့ အိုးဘိုထောင်အတွင်းက ပေးပို့လာတဲ့ စာမှာ ရေးသားထားပါတယ်။

“ ပြစ်ဒဏ်တိုက်အတွင်းရှိသည့် မိမိတို့၏ ညီအစ်ကို မောင်နှမများအတွက် ကျန်းမာရေး၊ စားဝတ်ရေးနေရေး များအပေါ် များစွာ စိုးရိမ်မိပါသည်။ ထို့ကြောင့် ပြစ်ဒဏ်တိုက်အတွင်း ခိုင်လုံသော အကြောင်းပြချက်မရှိ ရောက်ရှိနေသူများအား အမြန်ထုတ်ပေးရန် မိမိတို့မှ တရားဝင် နည်းလမ်းများဖြင့် တောင်းဆိုခဲ့ပါသည်။ သို့သော် တရားဝင် နည်းလမ်းများဖြင့် တောင်းဆိုခဲ့သူများကိုပါပြစ်ဒဏ်တိုက်အတွင်း ထည့်၍ အကျဉ်းချခဲ့ပါသည် “ လို့ အိုးဘိုအကျဉ်းထောင်ထဲက ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်း ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦးကို ကြိုးပေးသတ်ဖြတ်ခဲ့တဲ့အပေါ် မန္တလေးအိုးဘိုထောင်က နိုင်ကျဉ်းတွေက အစာငတ်ခံ ဆန္ဒပြတိုက်ပွဲဆင်နွှဲတဲ့အကြောင်း ဖော်ပြထားတဲ့ ပေးစာတစ်စောင် ပေါ်ထွက်ခဲ့ဖူးပါတယ်။

စစ်အုပ်စုဟာ အိုးဘိုအကျဉ်းထောင်ထဲက နိုင်ကျဉ်းတွေကို နည်းလမ်းမျိုးစုံနဲ့ နှိပ်စက်နေပြီး ကျန်းမာရေးအတွက် ဆေးကုသခွင့်မရတာမျိုးတွေလည်း ရှိတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၇) ရက် ညပိုင်းမှာလည်း အိုးဘိုအကျဉ်းထောင်က နိုင်ကျဉ်း (၁၀၀) ကျော်ကို စစ်အုပ်စုက တောင်ကြီးမြို့ တောင်ကလေးအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါသေးတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချနေပြီး နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးခံထားရသူ (၁၂,၀၀၀)ကျော်အထိ ရှိနေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အိုးဘိုအကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #ဖိနှိပ် #တိုက်ပိတ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ