အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကြောင့် မြန်မာ့စီးပွားပြိုလဲမယ်ဆိုတာကို ခန့်မှန်းထားတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကြောင့် မြန်မာ့စီးပွားပြိုလဲမယ်ဆိုတာကို ခန့်မှန်းထားတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

MFP ၊ ဩဂုတ် - ၃၀

အကြမ်းဖက်စစ်တပ်လုပ်ရပ်တွေ‌ကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်းတွေပြိုလဲသွားမယ်ဆိုတာ ခန့်မှန်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့နံနက်ပိုင်းက ကျင်းပတဲ့ (၆၅) ကြိမ်မြောက် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်သွင်းပြောဆိုပါတယ်။

" အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံမျက်နှာမထောက်၊ ပြည်သူ့မျက်နှာမထောက် ထင်ရာစိုင်း စီမံလုပ် ဆောင်နေမှုတွေကြောင့် စီးပွားရေးတွေ ပြိုလဲမယ်ဆိုတာ ခန့်မှန်းထားတယ်၊ အကြမ်းဖက်စစ်ကောင်စီက အရင်အာဏာရှင်တွေလိုပဲ ပြည်သူတွေ ကျပ်တည်းရင် နိုင်ငံရေးကို ထင်သလို ချယ်လှယ်လို့ရမယ် အထင်နဲ့ ပြည်သူတွေကို ဒုက္ခမျိုးစုံ ဖန်တီးပေးနေတယ်၊ အကောင်းကြီးရှိနေတဲ့ တိုင်းပြည်ဟာ (၂) နှစ် မပြည့်မီအချိန်မှာ အလွန်ဝမ်းနည်းစရာကောင်းလောက်အောင် ကြုံတွေ့ခဲ့ရတဲ့ အဖြေဟာ အကြမ်းဖက် စစ်ကောင်စီကြောင့်ပဲဖြစ်တယ် " လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင် (၂၁) ရက်က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာမှာ စီးပွားရေးပြန်လည်ဦးမော့လာမှု သိသိသာသာ မရှိတာကြောင့် ၂၀၂၂ ခုနှစ်ရဲ့ GDP က (၁၃) ရာခိုင်နှုန်း ဆက်လက်နိမ့်ကျနေမယ်လို့ ဖော်ပြခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သလို့ မြန်မာ့ငွေကြေးဖေါင်းပွမှုဟာ အင်မတန်စိုးရိမ်ရတဲ့ အခြေအနေတစ်ခုမှာ ရောက်ရှိနေခဲ့ပြီး နိုင်ငံခြားကုမ္ပဏီကြီးတွေကလည်း တစ်ခုပြီးတစ်ခု မြန်မာကို တဖြေးဖြေး စွန့်ခွာနေကြပြီဖြစ်ပါတယ်။

အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေနဲ့ လဲလှယ်နှုန်းမှာ ၁,၃၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး ဒီရက်ပိုင်းငွေလဲလှယ်နှုန်းမှာ ကျပ် (၃,၃၀၀) ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။

ဒီနေ့နံနက်ပိုင်းကကျင်းပတဲ့ (၆၅) ကြိမ်မြောက် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အစည်းအဝေးမှာ ကြားကာလယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲမှုကိစ္စ၊ CDM Success Committee က CDM လုံခြုံရေး Taskforce လုပ်ငန်းအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကိစ္စ၊ CDM ချီးမြှင့်တာနဲ့ ပတ်သက်ပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ကိစ္စ၊ CDM တွေကို မတရားဖမ်းဆီးနှိပ်စက်နေတဲ့ Non CDM တွေကို တာဝန်ယူဖြေရှင်းဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြန်မာ့စီးပွားရေး #ပြိုလဲ #အမျိုးသားညီညွတ်ရေးအစိုးရ #မန်းဝင်းခိုင်သန်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ