မန္တလေးက ပြောက်ကျားအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရ

မန္တလေးက ပြောက်ကျားအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရ

MFP ၊ ဩဂုတ် - ၁၆



မန္တလေးတိုင်း အထူးပြောက်ကျားတပ်ဖွဲ့(MSTF)ရဲ့ သိန်းငှက်တပ်ခွဲရဲ့ အရေးကြီး တပ်ဖွဲ့ဝင်တစ်ချို့ဟာ ဩဂုတ်လ (၁၀)ရက်နေ့က စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရတယ်လို့ အဲဒီအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။



ကျန်တဲ့အဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအရ နောက်ကျမှ သတင်းထုတ်ပြန်ရတာဖြစ်ပြီး ဖမ်းဆီးခံရသူ ဘယ်နှဦးနဲ့ ဘယ်နေရာမှာ ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။



သိန်းငှက်တပ်ဖွဲ့ရဲ့ နောက်ဆုံးစစ်ရေးလှုပ်ရှားမှုအဖြစ် ပြီးခဲ့တဲ့ ဇွန်လ (၁၅)ရက်မှာ မတ္တရာနယ် ကျောက်ဆည်လေးရွာအနီးမှာ စစ်အုပ်စုကို MDY-PDF နဲ့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စကစ (၇)ယောက် သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။



ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇)ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ကို ပြောက်ကျားစနစ်နဲ့ တွန်းလှန်တိုက်ထုတ်နေတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။



မန္တလေးမြို့မှာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ ဆက်တိုက်ဖမ်းဆီးခံနေရပြီး အရေအတွက်အားဖြင့် တစ်ရာဝန်းကျင်အထိ ရှိနိုင်တယ်လို့ မန္တလေး UG အချို့က ပြောဆိုပါတယ်။ 



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MSTF #သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ