တန့်ဆည်မှာ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်၊ ပြည်သူ့ရဲဘော် ခြောက်ဦး ပိတ်မိပြီး လေးဦး ပြန်ထွက်လာနိုင်ပေမယ့် နှစ်ဦး ကျန်ရစ်ကာ ကျဆုံးဟု ယူဆ၊

တန့်ဆည်မှာ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်၊ ပြည်သူ့ရဲဘော် ခြောက်ဦး ပိတ်မိပြီး လေးဦး ပြန်ထွက်လာနိုင်ပေမယ့် နှစ်ဦး ကျန်ရစ်ကာ ကျဆုံးဟု ယူဆ၊

MFP ၊ စက်တင်ဘာ - ၂၁

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ဂွေးကုန်းရွာထဲ ဝင်မွှေလုယက် မီးရှို့သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မနေ့ညနေပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစတွေ အသေအပျောက် ရှိနိုင်သလို ပြည်သူ့ရဲဘော်နှစ်ဦးလည်း အဆက်အသွယ်ပြတ် ပျောက်ဆုံးခဲ့တယ်လို့ တန့်ဆည် ပြည်သူ့ရဲဘော်များ - TPC က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၂၀)ရက် ညနေ(၄)နာရီကျော်က တန့်ဆည်မြို့နယ် ကျွန်းလည်ပျူစခန်းကနေ ထွက်လာပြီး ဂွေးကုန်းရွာထဲ ဝင်မွှေလုယက် မီးရှို့နေတဲ့ အင်အား (၇၀)ခန့်ပါ စစ်အုပ်စုကို ရွှေဘိုခရိုင် တပ်ရင်း (၂၅) – TPC ၊ တပ်ရင်း (၆)၊ တပ်ရင်း (၇)၊ တပ်ရင်း (၈)၊ PLA၊ ပကဖ နှင့် ရွာလုံခြုံရေးများ စုပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲကြာချိန် တစ်နာရီခန့်အထိ ကြာမြှင့်ခဲ့ပါတယ်။ အိမ်များထဲတွင် ကင်းပုန်း အထိုင်ချ ထားသောကြောင့် အထိအခိုက် အကျအရှုံးကိုမူ အတိအကျ မသိရပေ။ ကျွန်တော်တို့ဘက်မှ ရွာလုံခြုံရေး လမ်းပြ နှစ်ဦး ကျဆုံးခဲ့ရပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိပေ။ ကျန်သည့် တပ်ရင်း တပ်ဖွဲ့ တော်လှန်ရေး တပ်သား အားလုံး အထိအခိုက် အကျအရှုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်ဗျ။ ကျဆုံးခဲ့ရသည့် တစ်ထောင့်ထိုးကိုင်ပြီး ရဲရင့်စွာ အသက်ပေးလှူသွားသော ရွာလုံခြုံရေး နှစ်ဦးအား အလေးနီပြုပါတယ်” လို့ TPC က ဖော်ပြပါတယ်။

ဂွေးကုန်းရွာ တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် ခြောက်ဦး ပိတ်မိခဲ့ကာ လေးဦး လွတ်မြောက်လာပြီး၊ လွတ်‌မြောက်လာသူ နှစ်ဦးမှာ ဒဏ်ရာရသော်လည်း စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ကြောင်း၊ ရဲဘော်နှစ်ဦး ရွာထဲမှာ ကျန်ရှိနေခဲ့ပြီး စစ်အုပ်စု လက်ထဲ ရောက်ရှိသွားကာ ကျဆုံးဖို့ ရာခိုင်နှုန်း များတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တန့်ဆည်မြို့ပြ တော်လှန်ရေးတပ် - TCRF (PLA) က ဆိုပါတယ်။

မနေ့က ညနေပိုင်းမှာ တန့်ဆည်နယ် ကျွန်းလယ်နှင့် နန်းဠောင်းကျရွာ ပျူစခန်းတွေထဲကနေ စကစ အင်အား (၁၇၀)ကျော် ထွက်လာပြီး နှစ်ဖွဲ့ကာ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စကစ အင်အား(၁၀၀)ကျော်ပါတဲ့အဖွဲ့ဟာ မနေ့က ညနေပိုင်းမှာ အိုးသည်ကုန်းရွာထဲ ဝင်မွှေလုယက် မီးရှို့ခဲ့ပြီး အင်းဖက်ကျေးရွာဘက် ဆက်မွှေသောင်းကျန်းဖို့ လာရောက်ချိန် တန့်ဆည် TSRတပ်ဖွဲ့က မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီမနက်မှာ စစ်အုပ်စုက တန့်ဆည်နယ် နဘက်ငယ်ရွာ၊ တဆယ်ကျဲရွာ စတဲ့ ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းနေပြီး စစ်အုပ်စုက ထင်တိုင်းကျဲ သောင်းကျန်းကာ တွေ့သမျှ ပြည်သူကို ရန်ပြု သ-တ်-ဖြတ်နေလို့ တန့်ဆည်မြို့နယ် အရှေ့ပိုင်း ကျေးရွာတွေက ပြည်သူတွေ သတိ၊ ဝီရိယနဲ့ နေထိုင်ကြဖို့နဲ့ စစ်အုပ်စု လက်က လွတ်အောင် ရှောင်ကြဖို့ ဒေသခံအချင်းချင်း သတိပေးထားပါတယ်။

တန့်ဆည်နယ်ထဲ စစ်အုပ်စု သောင်းကျန်းနေလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – တန့်ဆည်TCRF - PLA

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #TPC #TCRF_PLA #ဂွေးကုန်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ