စစ်အုပ်စုက ဖမ်းဆီးညှဉ်းပန်းပြီး ခေါင်းဖြတ် သတ်တဲ့ CDM ဆရာ ဦးစောမိုးထွန်း အတွက် NUG ပညာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်း ထုတ်ပြန်၊ ဖခင်ကို ဆုံးရှုံးရတာ ဘုရားတစ်ဆူ ဆုံးရှုံးသွားသလိုဟု သားဖြစ်သူပြော၊

စစ်အုပ်စုက ဖမ်းဆီးညှဉ်းပန်းပြီး ခေါင်းဖြတ် သတ်တဲ့ CDM ဆရာ ဦးစောမိုးထွန်း အတွက် NUG ပညာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်း ထုတ်ပြန်၊ ဖခင်ကို ဆုံးရှုံးရတာ ဘုရားတစ်ဆူ ဆုံးရှုံးသွားသလိုဟု သားဖြစ်သူပြော၊

MFP ၊ အောက်တိုဘာ - ၁၈

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေထဲ လက်နက်အာကိုးနဲ့ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ အောက်တိုဘာ(၁၇)ရက်က တောင်မြင့်ရွာထဲ ဝင်မွှေသောင်းကျန်းခဲ့ပြီးနောက် သစ်ညီနောင်ရွာနေ CDM ကျောင်းဆရာ ဆရာဦးစောထွန်းမိုး (ပညာမိုးဘော်ဒါအုပ်) ကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ကာ ဦးခေါင်းနှင့် ခြေလက်တွေကို ဖြတ်တောက်ပြီး သတ်ဖြတ်ခဲ့ပါတယ်။

ပေါက်မြို့နယ် တောင်မြင့်ရွာထဲ ဝင်မွှေသောင်းကျန်းတဲ့ စစ်အုပ်စုဟာ ဒေသခံ စစ်ပြေးပြည်သူတွေကို ဖမ်းဆီးရာမှာ အသက်(၄၅)နှစ်အရွယ် ဆရာ ဦးစောထွန်းမိုး ကိုလည်း ဖမ်းမိသွားခဲ့ပြီး CDM ကျောင်းဆရာအဖြစ် သိရှိသွားချိန်မှာ အခုလို ညှဉ်းပန်းပြီး ခေါင်းဖြတ် သတ်ကာ ဦးခေါင်းကို ကျောင်းအဝင်တံခါးမှာ ချိတ်ဆွဲထားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

CDM ဆရာ ဦးစောမိုးထွန်းကို စစ်အုပ်စုက ခေါင်းဖြတ် သတ်တာဟာ လူမဆန် ရက်စက်တဲ့ လုပ်ရပ်ဖြစ်ကြောင်းနှင့် ဆရာ ဦးစောမိုးထွန်းအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း အမျိုးသား ညီညါတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ(၁၈)ရက်မှာ ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

"မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း၊ သစ်ညီနောင်ရွာနေ ဆရာဦးစောထွန်းမိုး (ပညာမိုးဘော်ဒါအုပ်) သည် အမှန်တရားနှင့် တရားမျှတမှု ရရှိနိုင်ရေးအတွက် အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သည့် အပြင် ကြားကာလပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက် ပေးနေသော ဆရာတစ်ဦး ဖြစ်ပါသည်။ ဆရာ ဦးစောထွန်းမိုးအား (၁၇.၁၀.၂၀၂၂) ရက်နေ့ တွင် မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း၊ တောင်မြင့်ရွာတွင် အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးပြီး ဦးခေါင်းနှင့် ခြေလက်များကို အပိုင်းပိုင်းဖြတ်၍ ရက်ရက်စက်စက် သတ်ဖြတ် သွားသည့်အပြင် တောင်မြင့်ရွာ၊ အလယ်တန်းကျောင်း တံခါးတွင် ဆရာဦးစောထွန်းမိုး၏ ဦးခေါင်းကို လူမဆန်စွာ ချိတ်ဆွဲထားသည်ကို ကြားသိရပါသည်။ ဤကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းသော လူသားဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ရာဇဝတ်မှုကို ကျူးလွန်ခံရသည့် အဖြစ်အပျက်အတွက် ကျန်ရစ်သူမိသားစု နှင့် ထပ်တူဝမ်းနည်းရပါသည်" လို့ NUG ပညာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

အာဏာသိမ်း စစ်အုပ်စုက ရွာတွေမီးရှို့၊ ဓားပြတိုက်လုယက်၊ ပြည်သူကို ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်၊ စာသင်ကျောင်းတွေကို မီးရှို့နေသလို CDM ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူတွေကိုပါ ညှဉ်းပန်း သတ်ဖြတ်နေတဲ့အပေါ် "ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း" NUG ပညာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

"ပညာရေးဝန်ကြီးဌာနသည် ဆရာဦးစောထွန်းမိုး ကဲ့သို့သော နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်အာဏာရှင်၏ လူမဆန်စွာရက်စက် ကြမ်းကြုတ်မှုများကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရသေ ာဆရာများကို မော်ကွန်းဝင်တော်လှန် ပညာသူရဲကောင်းများ အဖြစ်မှတ်တမ်းတင် အလေးအမြတ်ပြုထားပါသည်။ ထို့အပြင် ရာဇဝတ်မှုများကို လူမဆန်စွာ ကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီ သည် စီဒီအမ်ဆရာ၊ ဆရာမများအပေါ် ဖိနှိပ်မှုများကို ရဲရဲဝံ့ဝံ့ တွန်းလှန်ရင်ဆိုင်နေသော ကြားကာလပညာရေး အကောင်အထည် ဖော်နေသည့် ဆရာ၊ ဆရာမများကို ကူညီပေးနိုင်ရန် တော်လှန်ရေးအင်အားစုများ၊ ကြားကာလ ပညာရေးကို အကောင်အထည်ဖော်နေသော ပြည်သူများနှင့်အတူ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထပ်မံ အသိပေးကြေညာအပ်ပါသည်" လို့ NUG ပညာရေး ဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဖခင်ဖြစ်သူ ဆုံးပါးသွားတာဟာ ဘုရားတစ်ဆူ ဆုံးရှုံးသွားသလို ခံစားရကြောင်း ဆရာ ဦးစောထွန်းမိုးရဲ့ သားဖြစ်သူက လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

"အဖေရယ် အဖြစ်ဆိုးလွန်းလှချည်လားဗျာ... ခေါင်းဖြတ် သတ်ခံရတယ်ကြားလို့ အဲ့လောက်ထိကြီး‌တော့ မဖြစ်ပါစေနဲ့လို့ ထပ်ဆုတောင်းနေခဲ့တာ။ အခုတော့ ဘယ်ဘုရားကမှ

ဆုတောင်းပြည့်မပေးဘူး....။ ဘဝဆက်တိုင်းဆက်တိုင်း ဒီလိုအဖြစ်ဆိုးကြီးနဲ့ မကြုံရပါစေနဲ့လို့ သား ဆုတောင်းပေးလိုက်ပါတယ်။ သားဘဝရဲ့ လက်ကျန်အချိန်တွေမှာ အဖေအတွက် အမြဲကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးနေမှာပါ။ အဖေရောက်ရာ ဘုံဌာနကနေ သာဓုခေါ်နိုင်ပါစေနော်.... အဖေရဲ့နောက်ဆုံခရီးမှာတောင် သားတစ်ယောက်အနေနဲ့ အဖေအနားမှာ ရှိမနေနိုင်တဲ့အတွက် ယူကျုံးမရ ဖြစ်ရပါတယ်။ အဖေအလောင်းကို ကိုယ်တိုင်ထမ်းပို့ခွင့်မရတဲ့ သားမိုက်ကို ခွင့်လွှတ်ပေးပါနော် အဖေ

သား အဖေကို အရမ်းချစ်ပါတယ်ဗျာ.... ကျနော်က အဖေအတွက် သားလိမ္မာတစ်ယောက် မဖြစ်ခဲ့လိုက်နိုင်တာကို တစ်ဘဝလုံး နောင်တရနေမှာပါ။ အဖေရယ် ကျနော်က အဖေအတွက်

သား/သမီးဝတ္တရား ဘာတစ်ခုမှ မကျေပွန်နိုင်ခဲ့တဲ့ကောင်ပါဗျာ...။ ကျနော်ကို ခွင့်မလွတ်ပါနဲ့ အဖေရာ။ အဖေက ကျနော်အတွက် ဘုရားတစ်ဆူပါ။ အခုတော့ ကျနော်မှာ အဖေဆိုတဲ့ ဘုရားမရှိတော့ပါဘူးဗျာ။ သားအတွက် အဖေက အဖေနေရာမှာရော အမေနေရာအတွက်

မိဘဝတ္တရား အပြည့်အဝကြေမွန်ခဲ့ပါတယ်ဗျာ....။ လပြည့်နေ့က ဖုန်းပြောလိုက်တဲ့ အဖေအသံက သားဘဝရဲ့ နောက်ဆုံးအကြိမ်ပဲဆိုတာ သား ဘယ်ထင်ခဲ့ပါ့မလဲဗျာ...။ ဖုန်းပြောရတာ အဆင်မပြေလို့ သီတင်းကျွတ်မှာ အဖေအတွက် ဖုန်းတစ်လုံးနဲ့ အဖွားအတွက် ငွေးသားအချို့ ကန်တော့မယ်လို့ ရည်ရွယ်ထားတာ။ ဒီဘက်မှာ ကျနော်က အခက်အခဲအမျိုးမျိုးကြောင့် ငွေးကြေးဒုက္ခရောက်နေလို့ ကန်တော့ခွင့်‌လေးတောင် မရခဲ့လိုက်ရပါဘူးဗျာ...." လို့ ဆရာ ဦးစောထွန်းမိုးရဲ့ သားဖြစ်သူက ဆိုပါတယ်။

စစ်အုပ်စုဟာ လက်ရှိအချိန်ထိ ပေါက်မြိုကနယ် တောင်ပိုင်းက ကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့တာတွေ ကျူးလွန်နေဆဲ ဖြစ်ပြီး ထောင်ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရသလို အောက်တိုဘာ(၁၆)ရက်ကလည်း စစ်အုပ်စုက တောင်မြင့်ရွာ စာသင်ကျောင်းကို မီးရှို့ပြီး ခြိမ်းခြောက်စာတွေ ရေးသားထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ပေါက် #တောင်မြင့်ရွာ #စာသင်ကျောင်း #ကျောင်းဆရာ #CDM

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ