မတ္တရာမှာ ရွာမီးရှို့နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲရာ အရာရှိ အပါ (၁၂)ယောက် သေဟုဆို၊ စစ်အုပ်စုက ပြည်သူ သုံးဦးကို သတ်ဖြတ်ပြီး နေအိမ်တွေ ဆက်လက် မီးရှို့၊

မတ္တရာမှာ ရွာမီးရှို့နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲရာ အရာရှိ အပါ (၁၂)ယောက် သေဟုဆို၊ စစ်အုပ်စုက ပြည်သူ သုံးဦးကို သတ်ဖြတ်ပြီး နေအိမ်တွေ ဆက်လက် မီးရှို့၊

MFP ၊ အောက်တိုဘာ - ၂၃

မန္တလေးတိုင်း မတ္တရာနယ်၊ ကျောက်ဆည်လေးရွာနှင့် ဇီးဖြူပင်ရွာတွေထဲ ဝင်မွှေလုယက် မီးရှို့နေတဲ့ စစ်အုပ်စုကို မနေ့ မနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိအဆင့် အပါအဝင် စကစ (၁၂)ယောက် သေတယ်လို့ မတ္တရာ နတ်ဆိုး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂၂)ရက် မနက်ပိုင်းက ဇီးဖြူပင်ရွာထဲ ဝင်မွှေလုယက် သောင်းကျန်းကာ နေအိမ် ခြောက်လုံးထက်နည်းကို မီးရှို့ဖျက်စီးပြီး ပြန်ထွက်လာတဲ့ စစ်အုပ်စုကို နဂါးညီနောင်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့၊ MDY PDF(Mongoose Squadron)တပ်ခွဲ၊ ဇာမဏီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့နှင့် တိုက်သိမ်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့ တို့ မဟာမိတ် ခြောက်ဖွဲ့ ပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိ နှစ်ယောက် အပါအဝင် စကစ (၁၂) ယောက် သေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့နှင့် ထိစပ်နေတဲ့ မတ္တရာနယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပြီး မတ္တရာနယ် အရှေ့ခြမ်းက ကင်းရွာမှာ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက စီးနင်းအထိုင်ချ သောင်းကျန်းနေသလို မြစ်ရိုးတလျှောက်က ရွာတွေကို လုယက် သောင်းကျန်း သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာ (၂၁) ရက်ကလည်း မတ္တရာနယ် ကျောက်ဆည်လေးရွာထဲ ဝင်မွှေလုယက် သောင်းကျန်းကာ နေအိမ် (၁၀) လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံပြည်သူ သုံးဦးကိုလည်း ဖမ်းဆီးကာ ညှဉ်းပန်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ရွာထဲက အိမ်တွေ မီးရှို့တယ်။ ပြီးတော့ ဘင်တဲခေါင်း ဦးစိုးလွင်နဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကို ဖမ်းပြီး သတ်သွားတယ်၊ ဘင်တဲဆိုတာက ဆည်ကလာတဲ့ မြောင်းကို ရေထိန်းတဲ့နေရာက အဆောက်အဦကို ပြောတာ၊ ဘာမှမဆိုင်ဘဲ သတ်လိုက်တာပေါ့ “ လို့ မတ္တရာနယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။

လက်နက်အားကိုးနဲ့ မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွေ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ တွေ့သမျှ ပြည်သူကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်နေပြီး ညဘက်တွေမှာလည်း မူးရူးရမ်းကား အကြောင်းမဲ့ သေနတ်ပစ်ဖောက်နေလို့ ဒေသခံပြည်သူတွေ နေ့၊ည မအေးချမ်းဘဲ ကြောက်လန့် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်ပြီး ခိုးရာပါ ပစ္စည်းတွေကို မန္တလေး နန်းတွင်းဘက် သယ်သွားတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု သောင်းကျန်းနေလို့ မတ္တရာနယ်က ထောင်ချီတဲ့ ပြည်သူတွေ စစ်ပြေးနေရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #စစ်အုပ်စု #ရွာစဉ်ထိုးသောင်းကျန်း #နေအိမ်မီးရှို့ဖျက်ဆီး #မိုင်းဆွဲတိုက်ခိုက် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ